ညနေနေ၀င်ချိန်တွင် နေလုံးသည်အနောက်အရပ်သို့မ၀င်သွားသေးသော်လည်း နေပူရှိန်ကျနေပြီဖြစ်၍ နုထက်ရေပိုက်တစ်ချောင်းဖြင့်ခြံထဲမှပန်းပင်များကိုရေလောင်းနေလေသည်။အပူဒဏ်ကြောင့်အပင်ငယ်လေးများမှာ ညနေပိုင်းရောက်လျှင် နွမ်းလျသည့်ဟန်ဖြင့်ရေပိုက်မှရေကို မျှော်လင့်တစ်ကြီးနှင့်စောင့်မျှော်နေကြဟန်ရှိသည်။အပင်၏အရွက်ကလေးများမှာ လိပ်သည့်အရွက်ကလိပ် လျော့ရဲရဲဖြစ်သည့်အရွက်ကဖြစ်နှင့် နွေသရုပ်ကို အပင်တို့သဘာ၀အားဖြင့်ဖော်ပြနေသည်။
အိမ်ထဲတွင်နေရင်းပန်းပင်လေးများအားရေလောင်းပေါင်းသင်ရခြင်းမှာလည်း နုထက်အတွက်ဝါသနာတစ်ခုဖြစ်လာသည်။နုထက်ကရေလောင်းရင်း သီချင်းတစ်ပုဒ်ကိုသီဆိုနေသည်။ညနေခင်း၏အလှနှင့်အတူစိတ်ကူးတို့ပါတစ်ပါတည်းလွင့်ပျံ့နေပုံရသည်။မိန်းမတစ်ယောက်၏အလှတို့ကို အသေးစိတ်ဖော်ကြူးထားသည့်ဂန္တ၀င်ဆည်းဆာသီချင်းကို ခံစားချက်ပါပါသီဆိုနေလေသည်။
ညနေခင်းရဲ့လေပြေထဲမှာ မေ့ဆံနွယ်အတောင်ပံဖြန့်တဲ့အခါ ပန်းပွင့်ကလေးတွေရှက်သွေးဖြာ ကျေးဌက်ကလေးတွေ တေးမဆိုတော့ပါ
ဟိုမှာမြက်ခင်းစိမ်းများ ဦးညွှတ်လို့ မေလာရာလမ်းခင်းပေးကြမှာ စမ်းချောင်းကလေးတောင် ငိုနေပြီကွာ မေ့ဆံပင်လေးတွေ သိပ်လှတဲ့အရှိန်အဝါ .......သီချင်းတစ်အေးအေးနှင့်နုထက်တစ်ယောက်စိတ်ကူးယဉ်နေပုံရသည်။မျက်နှာလေးကပြုံးနေပြီး ရှက်သွေးဖြာရင်း ပန်းပင်ကလေးများကို ရေဆက်လောင်းနေသည်။ဘေးဘီကိုသတိမထားမိပုံရ၍ ဒေါ်မေဘုန်းကြွယ်ကခပ်လှမ်းလှမ်းကရပ်ကြည့်နေသည်ကိုသူ့ခမျာမသိရှာ။
ခပ်လှမ်းလှမ်းကဒေါ်မေဘုန်းကြွယ်သည် ချစ်ဇနီး၏သီချင်းသံကိုကြား၍ အရှေ့လာရင်းကိစ္စကိုမေ့နေသည်။နောက်ဘက်မှလျှောက်လာရင်းခြေလေးလှမ်းလောက်အကွာတွင်ရပ်နားထောင်နေသည်။ကြုံတောင့်ကြုံခဲအရာပင်ဖြစ်လေသည်။နုထက်သည်အေးဆေးတည်ငြိမ်သည့်အသွင်ကိုအမြဲဆောင်တတ်၍ ယခုကဲ့သို့မိန်းမသားတို့၏နူးညံ့သိမ်မွေ့ခြင်းအပြည့်ပါသည့်ဟန်ပန်ကိုမတွေ့ဖူးပေ။သီချင်းသံရပ်မှ အသံပေးလိုက်သည်။

ŞİMDİ OKUDUĞUN
Surgeon (Completed)(Unicode)
Romantizm"ဆာဂျင့်ဘာသာဘယ်လောက်ကြီးကျယ်မြင့်မြတ်နေတဲ့မိန်းမဆိုဆို နုလက်မထပ်ဘူး" နုထက်ကုဋေ