" နာမည်က ဘာတဲ့လဲ "
" သစ်စိမ်းပင် ပါ "
" နာမည်က အစမ်းပဲ ၊ သစ်စိမ်းပင် ဟုတ်သလား "
" ဟုတ်..ဟုတ်ပါတယ် "
" နေ့ နာမည်က ရောင်ခြည်နေ "
မဝံ့မရဲနှင့် မော့ကြည့်မိစဉ် ကြုံလိုက်ရသည့် မျက်ဝန်းနက်နက်တွေကြောင့် ခေါင်းကို အောက်သို့သာ အသာပြန်ငုံ့ထားလိုက်ရသည်။ နေ သည် ထိုကတည်းကပင် ကျွန်မ ရဲရဲကြည့်ဖို့ မသင့်လျော်တဲ့ ရပ်ဝန်းတစ်ခုဖြစ်နေခဲ့တာကို သိခဲ့ဖို့ ကောင်းပါရဲ့။
" မင်း မကြောက်တတ်ဘူး မလား "
ဘယ်လိုမေးခွန်းကြီးပါလိမ့်။
" နေ ပြောတာက မင်းသရဲတွေ ဘာတွေ မကြောက်တတ်ဘူးမလား ၊ အဲ့တာကို ဆိုလိုတာပါ "
" ဟုတ်...ဟုတ်ကဲ့ ၊ မ...မကြောက်တတ်ပါဘူး "
ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည့် နေ သည် တစ်ခုခုကို ပြောဖို့ အားယူနေသလိုပင်။ မျက်လုံးရှေ့တည့်တည့်မှာ မြင်နေရပေမဲ့ ပေါ်ပေါ်ထင်ထင်ကြည့်ရဲခြင်းမျိုးတော့ မဟုတ်ခဲ့ပါ။ လှုပ်ရှားပုံလေးကို ခံစားမိရုံတင်။
" ဒီအိမ်မှာ နေ နဲ့မင်းနဲ့ နှစ်ယောက်ပဲရှိမှာ ၊ နေ က ဆေးရုံမှာ အိပ်ရတဲ့ ရက်တွေလည်း ရှိတော့ တစ်ယောက်တည်းကျန်ခဲ့မဲ့ မင်းက ကြောက်နေမှာ စိုးလို့ ကြိုမေးထားတာ "
တစ်ယောက်တည်း ကျန်ခဲ့မဲ့.....။ တစ်ယောက်တည်း ကျန်ခဲ့မဲ့......ကျွန်မ က။
" ဪ ဟုတ်ကဲ့ ၊ စိတ်ချပါ ကျွန်မက လုံးလုံးသရဲမကြောက်တတ်ပါဘူး မမနေ "
" ဘယ်လို...ဘယ်လို ၊ မင်း နေ့ ကို ဘယ်လိုခေါ်လိုက်တယ် "
" မမနေ လို့ခေါ်လိုက်တာပါ ၊ မကြိုက်လို့လား ၊ ကျွန်မ တောင်းပန်ပါတယ် "
နေ့ ဆီက ဘာအသံမှ ထွက်မလာတော့ပါ။ ကျွန်မသည်လည်း ခေါင်းကို ငုံ့ထားဆဲပါပဲ။ မော်မကြည့်ရဲပါ။ ကျွန်မ နေ့ကို မျက်လုံးကလေး လှန်ပြီးတောင် မကြည့်ရဲခဲ့ပါ။ ထိုစဉ်ကတည်းက။ စတွေ့ထဲက။ ပထမဆုံး တွေ့ဆုံခြင်းကတည်းက။
ကျွန်မ ခေါင်းကို ငုံ့ကာ ရပ်နေသည်မှာ ၁၀ မိနစ်လောက်ပင် ရှိတော့မည်။ နေ့ ဆီက ဘာအသံမှလည်း ထွက်မလာသလို ဘာလှုပ်ရှားမှု မှလည်း မခံစားမိပါ။ သို့ပေသိ နေ ထိုင်နေဆဲဆိုတာကိုတော့ ကျွန်မ ခန့်မှန်းမိပါသည်။ ဒီအတွေးကို တွေးနေချိန်တွင် နေ သည်လှုပ်ရှားလာ၏။
YOU ARE READING
နေ
Romantizm'နေ' ဟာ ကောင်းကင်တစ်ခွင်မှာ အထွန်းလင်းဆုံး ၊ လူတိုင်းရဲ့ အလင်းရောင်ကို ဆောင်ကျဉ်းပေးနိုင်ပြီး ဘုရားသခင်က မေတ္တာတရား ကြီးမားစွာ ဖန်ဆင်းပေးခဲ့တဲ့ လူသားတစ်ယောက်ပါ။ ကျွန်မကတော့ ထိုသို့ ကြီးမြတ်လွန်းလှတဲ့ လူသားတစ်ယောက်ကို မော်ကြည့်ဖို့တောင် မထိုက်တန်တဲ့...