အပိုင်း ၁ - မန်းနွေမှသည်

733 51 2
                                    


2019 April 11

ဧပြီနွေကကျောမကော့ရုံတမယ်ပူလှသည်။ နွေလေညင်းကတသုံသုံ အပူဒဏ်ကတရိပ်ရိပ်...ဒီကြားထဲ ရော်ရွက်ဝါတို့ကလည်း မြေသို့သက်ဆင်းလဲ့ချေပြီ။

ရော်ရွက်ကြွေ လေရူးနောက်လို့ နွေဦးပေါက်ခဲ့ပြီပါရော...

တတီတီမြည်လာတဲ့နိုးစက်သံကိုပိတ်လိုက်ပြီး နာရီလက်တံကိုငေးမိတော့ ၇နာရီခွဲအတိ။

ဘယ်လောက်ပဲပင်ပန်းပါစေ အိပ်ရာကနိုးရင် ဇိမ်နဲ့နှပ်နေတာမျိုးမရှိတော့ တုန့်ဆိုင်းခြင်းမရှိ ကုတင်ပေါ်မှထကာ ရေချိုးခန်းဆီသို့ဦးတည်လိုက်သည်။

နာရီဝက်ပင်မကြာတဲ့အချိန်မှာ ထိုသူဟာအထွေထွေအထူးထူးပြင်ဆင်ခြင်းမရှိဘဲ စတစ်ကော်လံရှပ်လက်ရှည်အဖြူနဲ့အနက်ရောင်ပုဆိုးတစ်ထည်ကိုတွဲဝတ်လိုက်သည်။အချိုးဆစ်ကျကာ ပြေပြစ်သောကိုယ်က ဘာဝတ်ဝတ်လိုက်ဖက်နေသည်မဟုတ်ပါလော။

ဆံပင်ကိုဂျယ်အနည်းငယ်ဖြင့်သပ်တင်ပြီး စားပွဲပေါ်က ရွှေရောင် Cartier လက်ပတ်နာရီကိုပတ်ရင်း နာရီကိုကြည့်မိတော့ ၈နာရီကျော်ရုံ။ ထပ်မံအချိန်ဆွဲမနေဘဲ နောက်ဆုံးသောအရာဖြစ်သည့် မျက်မှန်ကိုတပ်ကာ အခန်းထဲမှထွက်လာလိုက်သည်။

"အီသန် သွားတော့မှာလား။မနက်စာစားသွားဦးမလား"

အိမ်အောက်ထပ်ကိုဆင်းဆင်းချင်း မီးဖိုချောင်မှထွက်လာသော အဒေါ်ဖြစ်သူကမေးလာရာ

"မစားတော့ဘူး ဒေါ်လေး။ပြန်လာမှပေါ့"

"ကောင်းပြီလေ။ ကားလည်းဂရုစိုက်မောင်းဦး"

"ဟုတ်ကဲ့ပါ... ဒါဆို ကျွန်တော်သွားတော့မယ်နော်။ခြေထောက်ကိုဆေးလိမ်းဖို့မမေ့နဲ့ဦး"

"အေးအေး သိပြီ။ သွားမယ်ဆိုသွားတော့လေ။ ဟင်း...မန္တလေးနွေကလည်းပူလိုက်တာကွယ်"

ပြောရင်းဆိုရင်း လက်ထဲကယပ်တောင်ကိုအသာခပ်ကာ ခြေကိုဖွဖွနင်းရင်းအပေါ်ထပ်တက်သွားသော အဒေါ်ဖြစ်သူကြောင့် ပြုံးလိုက်မိသည်။

အိမ်ထဲမှအပြင်ကိုထွက်လိုက်သူနှင့် မျက်နှာထက်လာရိုက်ခတ်သော လေကြောင့်သက်ပြင်းချလိုက်မိသည်။

The loyalty of Padauk from Mandalay : HeeHoonWhere stories live. Discover now