မိုးသံလေသံတွေနဲ့ တဝုန်းဝုန်း မြည်ဟည်းနေတဲ့ ဟောဒီ အိမ်အိုကြီးထဲမှာ ကျုပ် တစ်ယောက်တည်းဆိုတော့ ကြောက်လန့်နေမိတယ်။
အထူးသဖြင့် ကိုယ် မရောက်ဖူးတဲ့ဒေသဆိုတော့ ပရလောကသားတွေရဲ့ မမြင်အပ်တဲ့ နိမိတ်ပုံတွေ ရုပ်ပျက်ဆင်းပျက်တွေ ဘယ်နေရာက ပေါ်လာမလဲဆိုပြီး နောက်ကျောမလုံ ရှေ့ရဲရဲ မကြည့်ရဲနဲ့ပေါ့ဗျာ။
ပြတင်းတံခါးတွေ အလုံပိတ်ပြီး ဖယောင်းတိုင်မီးရဲ့ အလင်းရောင်လေးအောက်မှာ ကျုပ် ငုတ်တုတ်ထိုင်နေမိတယ်။
အမိုးသွပ်ပြားပေါ် တဒိုင်းဒိုင်း မိတ်ဆက်နေတဲ့ မိုးစက်ပြင်းပြင်းတွေကလည်း လူကို ပိုပြီး စိတ်ချောက်ချားစေတယ်။
ဖယောင်းတိုင်မီးကို စိတ်မချစွာနဲ့ ... လက်ထဲက လက်နှိပ်ဓာတ်မီးကို အကြောင်းမရှိပဲ ကျုပ် ဖွင့်လိုက်ပိတ်လိုက်နဲ့။
ထိုစဉ် လှေကားက လူတစ်ယောက်တက်လာတဲ့ အသံကြားလိုက်ရတယ်။
ခြေသံက လေးတိလေးကန်ကြီး ... ဒေါက်... ဒေါက်နဲ့ပေါ့။
အသံကို နားထောင်ပြီး သိလိုက်ရတာကတော့ ထိုသူသည် တောသုံးခြေနင်းစီးလာခြင်းပင် ဖြစ်လိမ့်မည်။
"ကျွီ ... . အီ... အီ... အိ"
ကျုပ် ထိုင်နေသည့် အခန်း၏တံခါးကို ဖွင့်လိုက်ပုံရ၏။ အခန်းတံခါး ဖြည်းညင်းစွာ ပွင့်လာ၏။
လက်နှိပ်ဓာတ်မီး၏ အလင်းရောင်မှာ လူတစ်ယောက်ကို မြင်တွေ့လိုက်ရ၏။
ကုတ်အင်္ကျီဖားဖားနှင့် စစ်ဘောင်းဘီခပ်နွမ်းနွမ်းကို ဝတ်ထားပြီး သက္ကလတ်ဦးထုပ် အညိုရောင်ကို ခပ်ငိုက်ငိုက် ဆောင်းထားသော လူတစ်ယောက် ဖြစ်နေ၏။
သူက ကျုပ်ကို လှမ်း၍ အကဲခတ်သလို ကြည့်လိုက်သည်။ ပြီးတော့ သူ၏ဦးထုပ်ကို ချွတ်လိုက်တယ်။
ဖယောင်းတိုင် မီးအလင်းရောင်ကြောင့် သူ၏မျက်နှာကို သေချာစွာ မြင်လိုက်ရတယ်။
မျက်နှာက လေးထောင့်ကျကျနဲ့ တိရိပိပြားသော နှုတ်ခမ်းတို့က ရက်စက်စရာရှိလျှင် ပြတ်သားစွာ ရက်စက်မည့် လက္ခဏာကို ပေါ်လွင်စေ၏။
YOU ARE READING
ပီပီ(မန္တလေး)၏ ဇာတ်လမ်းများ
Horrorစာရေးသူ ပီပီ(မန္တလေး)၏ လက်ရာများဖြစ်သည့် ပရလောကဇာတ်လမ်းများ