ကျတ်တစ္ဆေတို့ရွာ

194 5 0
                                    

၁။

တောင်ပေါ်လမ်းသည်၊ တောင်နံရံများကို ကွေ့ကောက် ဖောက်ထားသော လမ်းဖြစ်၍ ကား စီယာတိုင်ကို ကျင်လည်စွာ ဘယ်လှည့်လိုက်၊ ညာလှည့်လိုက်ဖြင့် မောင်းနေသော ကားဆရာကို ကြည့်၍ ကျွန်တော် အသည်းယားနေမိ၏။

ကျွမ်းကျင်ရာ လိမ္မာဆိုသလိုပါပဲ၊ သူကတော့ ဒီလမ်း ဒီခရီးကို အလွတ်ရနေသလိုပါပဲ။

သူ ကားမောင်းတာကို ကြည့်ရသည်မှာ ပင်ပန်းပုံမပေါ်။ အေးအေးသက်သာ နိုင်လှ၏။

ကွမ်းယာကို အိတ်ထဲက ထုတ်ယူဝါးလိုက်၊ ဘေးနားက ထိုင်လိုက်လာသော ကျွန်တော့်ကို စကားတွေပြောလိုက်နဲ့ ရွှင်လန်းတက်ကြွနေ၏။

သူ၏ကားသမား ဘဝအတွေ့အကြုံတွေကို နားထောင်ရသည်မှာလည်း တကယ့်ကို စိတ်ဝင်စားစရာ။

ကားဆရာသည် အသက်အားဖြင့် ၄၀ ဝန်းကျင်ဟု ခန့်မှန်းရ၏။

သို့သော် သူ့ကြည့်ရသည်မှာ အသက် ၃၀အရွယ် လူငယ်ပမာ လျင်မြန် ဖျတ်လတ်လေ၏။

"ကိုယ့်ဆရာတော့ ယုံမလား မသိဘူး၊ ဟောဒီလို အဝေးပြေး လမ်းမတွေပေါ်မှာ နာနာဘာဝတွေ ရှိတယ်ဗျ"

ကားဆရာက ကျွန်တော့်ကို စကားပြောသည့်အခါ 'ကိုယ့်ဆရာ'ဟူသော နာမ်စားကို သုံးတတ်သည်ကို သတိထားမိသွားသည်။

ကျွန်တော်က အွန်လိုင်းမှာ ဝိညာဉ်ဖြစ်ရပ်ဆန်းများ အကြောင်း ရေးသားသူတစ်ယောက်ဆိုတာ သူ့ကို ပြောပြမထားပါပေမဲ့လို့၊ သူကတော့ ထိုသို့ သုံးနှုန်း ခေါ်ဆိုနေ၏။

"ဆရာသမားကို ကျွန်တော် တွေ့ကြုံတာလေးတွေ ဖောက်သည်ချရဦးမယ်။ ခရီးသွားရင်း အပျင်းပြေ ဇာတ်လမ်းတစ်ပုဒ် ရတယ်ပဲ မှတ်ပေါ့ဗျာ"

ကျွန်တော် အံ့ဩကြီးစွာ ကားဆရာကို လှည့်ကြည့်လိုက်မိသည်။

ကားဆရာကတော့ ပုံမှန်ပါပဲ။ ကွမ်းယာကို ပါးစောင်တစ်ဖက်မှာ မြုံ့နေရင်း ဆက်ပြော၏။

"ဪ မိတ်ဆက်ဖို့ မေ့နေတယ်။ ဆရာသမားက အွန်လိုင်းမှာ ပရစာပေတွေ ရေးတယ်ဆို၊ ကလောင်နာမည်က ဘာလဲဗျ"

သူ့ကို ကျွန်တော် ပို၍ စိတ်ဝင်စားသွားသည်။ သူက ကျွန်တော့်အကြောင်း တစ်စွန်းတစ်စ သိထားပေမဲ့၊ ကျွန်တော်က သူ ကားမောင်းသည်က လွဲ၍ ဘာကိုမျှ မသိဘူး မဟုတ်လား။

ပီပီ(မန္တလေး)၏ ဇာတ်လမ်းများWhere stories live. Discover now