(၇)
နေ့ရက်တွေဟာ ရော်ရွက်ဝါလို တဖြုတ်ဖြုတ် ကြွေလင့်လွယ်ပေမဲ့ ဆေးကျောင်းသား ကျော်ကိုကို့အတွက်တော့ ညီမလေးကို လွမ်းစိတ်ကြောင့် ကြာလွန်းလှတယ် ထင်မိ၏။
အဆောင်မှာနေ၍ ကျောင်းတက်၊ စာကြိုးစားလွန်းသူ ဖြစ်သောကြောင့် သူငယ်ချင်းလည်း နည်းရှာသည်။
အခန်းဖော် သုံးလေးဦးလောက်သာ ရင်နှီးဟန်ရှိပြီး၊ မိသားစုအပေါ် တွယ်တာလွန်းသူဟု မှတ်ချက်ချခံရသူ ဖြစ်သည်။
ကျောင်းသားလူငယ်စရိုက် ပျောက်နေ၍ သူငယ်ချင်းများက အားမလိုအားမရ ဖြစ်ကာ ပြင်ပ ပွဲလမ်းသဘင်ခေါ်ယူခြင်း၊ အလည်အပတ် ခရီးထွက်ခြင်းတို့ ခေါ်ယူပေးလည်း ကျော်ကိုကိုကတော့ ခေါင်းတခါခါငြင်းကာ အဆောင်တွင် တစ်ယောက်တည်း အထီးကျန်ဆန်စွာ နေတတ်လေ့ရှိသည်။
ကြာလာတော့ သူငယ်ချင်းများက ကျော်ကိုကို့အား မာနကြီးသည်ဟု အထင်မြင်လွဲကာ ပေါင်းသင်းဆက်ဆံမှု သိပ်မလုပ်တော့ချေ။
ထို့အထဲတွင် လူပျော်လူနောက် စိုးမင်းဆိုသည့် ဆီစက်ပိုင်ရှင် သားတစ်ယောက်ကသာ ကျော်ကိုကိုအား အခင်မင်မပျက် ရွှတ်နောက်နောက် စလေ့ရှိသည်။
ထို့ကြောင့် ကျော်ကိုကိုသည် စိုးမင်းအား ခင်မင်လေ၏။
ကျောင်းနားရက် တစ်ရက်တွင် စာကျက်နေသူ ကျော်ကိုကိုအား စိုးမင်းက...
"ကျော်ကို ... မင်းမလည်း စာပဲကျက်နေ၊ ကြာရင် ဦးနှောက်တွေထူပူပြီး ဂေါက်သွားဦးမယ် ... ဟားဟား"
ကျော်ကိုကိုက. ကျက်လက်စ စာအုပ်ကို ပိတ်ကာ ...
"အေးလေကွာ ... ကျောင်းသားပဲ စာမကျက်လို့ ငါက ဘာတွေများ လုပ်နေရဦးမှာလဲ၊ ဆေးကျောင်းကွ သူများတွေထက် ပိုလုပ်နိုင်မှ တန်ကာကျတာ ..."
"ဒီလိုရှိတယ်ကွ ... ကျော်ကိုရ၊ စာမကျက်ရဘူး ငါ မဆိုလိုပါဘူး၊ အခုဟာက မင်းက ပိုလွန်းတယ်ကွ၊ အိပ်ချိန်ကလွဲရင် စာအုပ်နဲ့မျက်နှာနဲ့မခွာဘူး၊ မင်းဘယ်လောက်ပဲ ခေါင်းထဲကို စာရိုက်သွင်းလည်း ဦးနှောက်က သူလက်ခံ နိုင်သလောက်ပဲ ရမယ်လေ ... မင်းကြားဖူးမှာပါ ... ဘယ်အရာမဆို လွန်ကဲရင် ဘေးဥပါဒ်ဖြစ်တတ်တယ် ကျော်ကို၊ တစ်ခါတလေ အနားယူတာကလည်း မင်းရဲ့မှတ်ဉာဏ် စွမ်းအားကို ပိုတိုးတက်စေတယ်လေ ..."
YOU ARE READING
ပီပီ(မန္တလေး)၏ ဇာတ်လမ်းများ
Horrorစာရေးသူ ပီပီ(မန္တလေး)၏ လက်ရာများဖြစ်သည့် ပရလောကဇာတ်လမ်းများ