ရေအိုင်ထဲက အကြွေပန်းလေး (အပိုင်း - ၁)

150 9 0
                                    

(အခန်း-၁)

ဖျတ်ခနဲ လက်သွားသည့် ကင်မရာဖလက် မီးရောင်ကြောင့် အပင်ကိုင်းဖျားပေါ် နားနေသော ငှက်ငယ်အချို့ လန့်ပျံသွား၏။

ကျော်ကျော် စမ်းချောင်းလေးထဲ ဆင်းလိုက်သည်။ ခြေသလုံးသား မြုပ်ရုံသာရှိသော စမ်းရေကြည်လေးသည် သူ့တစ်ကိုယ်လုံးကို အေးမြသွား၏။

မြို့ပြရဲ့အပူဒဏ် ရှောင်ရှားလိုစိတ်ကြောင့် သောကြာနေ့ ညကတည်းက ဒီတောင်ပေါ်မြို့ လေးကို သူ့ဆိုင်ကယ်လေးနှင့် အပန်းဖြေ အလည်အပတ် လာခဲ့ခြင်းပင်ဖြစ်၏။ သူ တည်းခိုနေကျ ပန်းအလှတော ဟိုတယ်သို့ သွားတည်းခိုသည်။ ဟိုတယ် မန်နေဂျာနှင့် ကျော်ကျော်မှာ ရင်းနှီးနေပြီ ဖြစ်သည်။

မိုင်လေးဆယ်ကျော်သာ ဝေးပေမဲ့ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ကွာခြားချက်ကြောင့် ဤမြို့ငယ်လေးသည် သူနေထိုင်ရာ မန္တလေးမြို့နှင့် ရာသီဥတု ကွာခြားသည်။ ပန်းမြို့တော်ဟု လူသိများသော ပြင်ဦးလွင်မြို့ (မေမြို့) သည် အေးချမ်းသာယာ လှပနေသည်။

သူ တည်းခိုရာ ပန်းအလှတော ဧည့်ရိပ်သာသည် ပြင်ဦးလွင်-မိုးကုတ် ကားလမ်းနံဘေး၌ ရှိလေ၏။ သန့်ရှင်းသပ်ရပ်၍ ကျယ်ဝန်းသော ဝင်းခြံအကျယ်ကြီး၌ ဥရောပပုံစံ ဟိုတယ်ကြီးတစ်လုံး တည်ဆောက်ထား၏။ ထို့အပြင် သီးသန့် ဘန်ဂလို ငယ်လေးများလည်း တစ်လုံးနှင့်တစ်လုံး ၁၀ ပေ ခြားကာ နေချင်စဖွယ် ဆောက်လုပ်ထားသည်။

ဘန်ဂလို ငယ်လေးများ၏ အနောက်တွင် တစ်မျှော်တစ်ခေါ် မြင်တွေ့နေရသည့် သစ်တော ဦးစီးဌာနပိုင် ထင်းရှူးနှင့် ယူကလစ်ပင် တောကြီး ရှိလေသည်။

သူ့အား ဟိုတယ်မန်နေဂျာက ဤနေရာသို့ ညွှန်လိုက်ခြင်းဖြစ်သည်။ သဘာဝရှုခင်း ကောင်းကောင်း ဓာတ်ပုံရိုက်လိုပါက ဤ ထင်းရှူးတောထဲ ဝင်ရိုက်နိုင်ကြောင်း၊ စမ်းချောင်းလေး ရှိကြောင်း၊ ရေဝင် အင်းအိုင်ငယ်လေးများ အလွန်လှပကြောင်း သဘာဝ မပျက်စီးသေးသည့် ရေတံခွန် ငယ်လေးများလည်း ရှိနေကြောင်း ညွှန်းလိုက်၏။ ထို့ကြောင့် သူ ဤ ထင်းရှူးတောအုပ် ကြီးထဲ ရောက်လာခြင်းပင် ဖြစ်လေသည်။

ပီပီ(မန္တလေး)၏ ဇာတ်လမ်းများWhere stories live. Discover now