လှေဦးထိပ်မှာ (အပိုင်း ၃)

119 5 0
                                    

ရေပြင်ကို ကြည့်ငေးရင်း သူ့ကို ဘာလို့ ဒီနေရာကို ချိန်းတာပါလိမ့်ဟု နေမျိုးစဉ်းစားနေပါ၏။ သူရောက်နေရာ အရပ်က အမရပူရမြို့ ဦးပိန်တံတားကြီး၏ အနောက်ဘက် မယ်ဇယ်ပင်တန်းကြီး တစ်နေရာ။ မယ်ဇယ်ပင်တန်းကြီးအောက် လှည်းလမ်းတစ်လျောက်မှာ အသွားအလာ ကျဲပါးလွန်း၏။

တစ်ခါတလေ ဖြတ်သွားတတ်သော ကားတစ်စီးတလေကြောင့် ဖုန်လုံးကြီးတွေက သူ့ဆီ လွင့်ပျံလာသည့်အခါ အသက်ရှုရ ကြပ်လွန်း၏။ ခပ်ဝေးဝေးမှာ မြင်နေရသော ဦးပိန်တံတားကြီးက ရှည်မျောမျော ငါးတစ်ကောင်၏ အရိုးများလို ပေါလောပေါ်နေ၏။ ရေခမ်းချိန်ဆိုတော့ အင်းထဲ ရေနည်း၏။

ကမ္ဘာကျော်သည့် သစ်သားတံတားကြီးသည် သူတို့မြို့ခံတွေအဖို့တော့ ညစ်ထေးထေးနှင့် ရွံနွံအနံ့တွေ ရှိရာ အရပ်ဒေသတစ်ခုထက် မပိုပါ။ ဒက သူ့အတွေး။ နှိမ်ချလိုစိတ် စိုးစဉ်းမျှမရှိ။ ခမ်းနားလှပလွန်းသော ကမ္ဘာကျော်တံတားကြီးကို သဘာဝအလှတရားမပျက်စေလိုသော စေတနာသာဖြစ်၏။

တန်ဖိုး မထားတတ်ခြင်းမဟုတ်။ တန်ဖိုးနားမလည်သူတွေ အလယ်မှာ တံတားကြီး၏ ဂုဏ်သတင်းက မှေးမှိန်နေခြင်းသာ။ ရှုပ်ပွနေသော ဈေးတန်းမှ အကြော်ညှော်နံ့ကလည်း စိတ်ကို ငြီးစီစီ။ နိုင်ငံခြားသားတွေကို ဇွတ်အတင်း ဈေးလိုက်ရောင်းနေသော ကလေးတွေကို ကြည့်ရင်း သူ သက်ပြင်းချမိသည်။

ဒီကနေ့ သူတို့ ဘယ်လောက်ဖိုး ရောင်းရလို့ ဘယ်လောက်မြတ်ပြီလဲ မသိ။

ဧည့်သည်တွေ ပြန်သွားလို့ သူတို့ နေရပ်ကို ပြန်ရောက်သည့်အခါ စိတ်ညစ်စရာ စိတ်ပျက်စရာ အကြောင်းအရာ တစ်ခုအဖြစ် ပြောကြပါလိမ့်မည်။

ပန်းသတင်းကို လေညှင်းဆောင်သတဲ့။ ကမ္ဘာအနှံ့ သတင်းပျံ့သွားမှာကို သူ မလိုလားပေ။

တောင်သမန်အင်းအခြေက တဲလေးတွေမှာတော့ လူငယ်အချို့ ဘီယာသောက်ရင်း အာဘောင်အာရင်းသန်စွာ ငြင်းခုံနေကြ၏။ ဘရိတ်ဓားဖြင့် ဆေးပန်းချီ ခြစ်၍ ပန်းချီကားများ ရောင်းနေသူအနီးမှာ လူ လေးငါးယောက်ခန့် ဝိုင်းနေကြ၏။ ပန်းချီဆရာ၏ အနုပညာကို အားပေးချီးမြှင့်နေကြခြင်းလား သို့မဟုတ် ငေးကောင်းကောင်းနဲ့ ငေးနေကြခြင်းလားမသိ။ မျောက်ပွဲလောက်တော့ လူမစည်။

ပီပီ(မန္တလေး)၏ ဇာတ်လမ်းများWhere stories live. Discover now