(၂၃)

639 106 2
                                    


▶▶▶သဘာဝရန်သူ◀◀◀

ကျန်းချီကျင်သည် ကွန်ပျူတာမျက်နှာပြင်မှ ကျန့်မင်ယိမျက်လုံးများကို ရင်မဆိုင်ရဲ၍ စောင့်ကြည့်ကင်မရာကို ဆတ်ကနဲကောက်ပိတ်လိုက်တော့၏။

ကြောင်အနေမိရာမှ ဖြည်းဖြည်းချင်း အသိဝင်လာပြီး ကျန့်မင်ယိ ကင်မရာတည်နေရာကို ဘယ်လိုသိသွားလဲဟု တွေးချိန်မရသေး။ ခပ်မြန်မြန်ထရပ်ကာ စာကြည့်တိုက်အရှေ့တံခါးမှ ပြေးထွက်လာခဲ့သည်။

​လှေကားနားရှိ စောင့်ကြပ်နေသော ထောင်စောင့်များက ကျန်းချီကျင်ပုံကို မြင်သည့်အခါ ခါးရှိ လက်ကိုင်တုတ်ကို ကိုင်လိုက်ကြပြီး သူ့နောက်မှ လိုက်လာကြသည်။

"ဘာဖြစ်လို့လဲ?"

ကျန်းချီကျင်က ပြန်ငဲ့ကြည့်မနေဘဲ နားနေခန်းဆီသို့သာ ဦးတည်လျက်

"သွားစစ်ကြည့်မလို့"

ကျန့်မင်ယိက ကျန်းချီကို နားနေခန်းဆီသို့ ဤသို့ခေါ်လိုက်ရာ ကျန်းချီကျင် တွေးမိသည့် တခုတည်းသော ဖြစ်နိုင်ချေက-
အကြမ်းဖက်ခံရသည့်အခြေအနေတခုကို ဖန်တီးကာ ကျန်းချီကျင်ကို သက်သေထားပြီး မင်းသမီးလေးကို အရေးယူခံရစေချင်တာ ဖြစ်နိုင်သည်။

သို့ပေမယ့် ဤနေရာတွင် ပြဿနာလည်း ရှိသေးသည်။

မင်းသမီးလေးက တိုက်ပိတ်ခံရလျှင်တောင် ရက်အနည်းသာဖြစ်လိမ့်မည်။

ကျန့်မင်ယိရဲ့ ဖန်တီးမှုက မင်းသမီးလေးပြဿနာကို အပြီးသတ်အမြစ်ပြတ် ရှင်းလင်းလိုက်တာမျိုး မဟုတ်။ ဆန့်ကျင်ဘက်အနေနှင့် ရွှီရှန်းကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ပိုလို့တောင် ဒုက္ခများပေလိမ့်မည်။

စာကြည့်တိုက်အရှေ့တံခါးနှင့် နားနေခန်းတံခါးဝအကွာအဝေးမှာ သိပ်မဝေးလှရာ ကျန်းချီကျင် ဒီထက်ပို နက်နက်နဲနဲတွေးချိန်မရ။

နားနေခန်းတံခါးကို ဖွင့်လိုက်လျှင် ကျန့်မင်ယိကို ခံရသူအဖြစ် မြင်ရမည်ဟု ထင်မှတ်ထားသော်လည်း မြင်ရသည်က သူ မှန်းထားသည်နှင့် အလွဲကြီး လွဲနေတော့သည်။ ကြိမ်းမောင်းမည့်စကားများက နှုတ်ခမ်းဝ ရောက်သည့်အချိန် မြင်လိုက်ရသည်က မင်းသမီးလေးသည် ကျန့်မင်ယိနှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး ကျန့်မင်ယိကို ရွံရှာသလို အထက်အောက် စုံဆန်ကြည့်လို့နေသည်။

ကျန်းချီကျင်မှာ ဒီအခြေအနေနှင့်ပတ်သက်၍ အနည်းငယ်ဇဝေဇဝါဖြစ်သွားပြီး ပြင်ဆင်လာသောကြိမ်းမောင်းမည့်စကားများမှ လွတ်လွတ်ကင်းကင်းရှိသည့် အမေးစကားသို့ ပြောင်းမေးလိုက်ရသည်။

"ဘာလုပ်နေတာလဲ?"

မင်းသမီးလေးသည် ကျန်းချီကျင်နှင့် အခြားထောင်စောင့်များကို မြင်လိုက်ရသည့်အခါ မျက်ဆံလှိမ့်လိုက်ပြီး ကျန်းချီကျင်ကို မှန်းဆရခက်သည့်အမူအရာနှင့် ကြည့်လိုက်ပြီး သူ့ကို ဖြတ်ကာ နားနေခန်းမှ ထွက်သွားတော့သည်။

ကန့်သတ်နယ်မြေ (ဘာသာပြန်)Where stories live. Discover now