(၂၂)

758 131 5
                                    


▶▶▶ ဖော်ထုတ်ခံရခြင်း◀◀◀

ကျန်းချီကျင်က ကျန့်မင်ယိလေ့လာရာတွင် ကူညီပေးခြင်းသည် ထောင်စောင့်များကြားတွင် လျို့ဝှက်ချက်တော့ မဟုတ်ပေ။

ကျန့်မင်ယိသည် အလုပ်လုပ်ရာနေရာသို့ နေ့တိုင်း ၁ နာရီနောက်ကျပြီးမှ သွားနိုင်ပြီး ထောင်စောင့်များကလည်း ထောင်ပိုင်မျက်နှာကြောင့် ၎င်း၏ စတော်ဘယ်ရီယိုများကို စာပို့ခန်းသို့ သယ်ယူပို့ဆောင်ရာတွင် ကူညီလေသည်။

ထိုအကြောင်းကို သိသည့် အကျဉ်းသားများများစားစား မရှိပေ။ ထို့ကြောင့် ကျန်းချီကျင်သည် တမင်ရည်ရွယ်၍ ကျန့်မင်ယိဘက်တွင် ထောင်ပိုင်ရှိကြောင်း၊ ကျန့်မင်ယိကို ရန်မစသင့်ကြောင်း မင်းသမီးလေးကို သိစေလိုက်၏။

သို့သော်လည်း သတင်းစကားမှာ လိုရာဆွဲပြောကြရင်း ကားသထက် ကားလာခဲ့သည်။ လူဆိုသည်ကလည်း ထိုသို့သောအတင်းအဖျင်းမျိုးကို စိတ်ပါဝင်စားတတ်ကြသည်။

အတင်းအဖျင်းစကားများသည် ကားသထက် ကားလာသည့်အခါ ယခင်က အကြောင်းသိသူများတောင်မှ ကျန်းချီကျင်နှင့် ကျန့်မင်ယိကြားတွင် ဆက်ဆံရေးတမျိုးတမည်ရှိသည်ဟု ထင်မြင်လာကြတော့သည်။ ဉပမာဆိုရလျှင် ကျန်းချီကျင်သည် ကျန့်မင်ယိကို ကြွေဆင်းနေပြီး (ကျန့်မင်ယိအနေနှင့်) အကျဉ်းထောင်ထဲတွင် လုံခြုံမှုရှိရန် အခြေအနေတခုအရ ၎င်း (ကျန်းချီကျင်) နှင့် အိပ်ခဲ့သည်ဟု ဆိုကြသည်။

"အဲ့ဒီအကျဉ်းသားတွေ မင်းအကြောင်း ဘာတွေပြောနေကြလဲ သိလား?"

လော့ဟိုင်သည် ကျန်းချီကျင်ကို ဆေးပေးခန်းသို့ အခေါ်ရှိ၏။ ကျန်းချီကျင် ထင်ထားသည်က လော့ဟိုင်က ခါတိုင်းလို ဆေးလိပ်လေးဘာလေး သောက်ရင်း စကားစမြည်ပြောဖို့ရာ ခေါ်သည်ဟု။ သူ ရောက်ရောက်ချင်း လော့ဟိုင်က အော်၍ ပြောလာမည်ဟု မထင်ထားခဲ့ချေ။

"မင်းသမီးလေးက ကျန့်မင်ယိကို ပစ်မှတ်ထားနေတာ ကျန့်မင်ယိ ကံဆိုးလို့ပဲ၊ ဘာနေနေ မင်း ဝင်ပါစရာမဟုတ်ဘူး"

ကျန်းချီကျင်သည် စိတ်မဝင်စားဟန်ဖြင့် လေသာဆောင်သို့ လျှောက်လှမ်းသွားကာ ဆေးလိပ်တလိပ်ထုတ်၍ မီးညှိ ရှိုက်ဖွာလိုက်၏။

ကန့်သတ်နယ်မြေ (ဘာသာပြန်)Where stories live. Discover now