"ရွာ ဘုရားပွဲမှာ နှစ်တိုင်း မုန့်လုပ်နေကြ ဆိုပင်မယ့် ဒီနှစ်တော့အမေသန်း တို့က ပိုစုံအောင် လုပ်ထားတယ်တော်"
တူမ၀မ်းကွဲ တော်သူ ဒေါ်လှက စားပွဲပေါ်ခင်းထားတဲ့ မုန့်တွေကို ကြည့်ပြီးပြောလိုက်တယ်။
"မြေးချွေးမလာမှာဆိုတော့ ပိုပြီး စုံစုံစိစိ လုပ်ထားရတာပေါ့အေ"
ကလေးတစ်ယောက်လို ပျော်မြူးသောလေသံဖြင့် အမေသန်းက ကြွားလိုက်သည်။
"အမယ်လေး၊ကြားပါ့ ။အမေသန်း မြေး ရွာပတ်ကြွားထားလို့။
ကျွန်မလည်း ကြည့်ချင်လွန်းလို့ ရောက်လာတာ"
"မရောက်သေးဘူးအေ့၊ ခဏနေ ရောက်တော့မယ်ထင်တယ်"
" ပြော မပြောချင်ပါဘူးမပြောချင်ပါဘူး မမလှရေ။
အိမ်ကအကောင်ကအလွန်ကိုဖြစ်နေတာပဲ။ သူမိန်းမယူမယ့်အရေးကြွားနေလိုက်တာလည်းလွန်းရော"
ဟိုတစ်ဖက်အိမ်ကနေ ရောက်လာတဲ့ ဒေါ်တင့်က ၀င်၀င်ချင်း သူ့သားတော်မောင်အကြောင်း ညီမ၀မ်းကွဲ ဒေါ်လှ ဆီ ဖောက်သည်ချပါတော့တယ်။
ပြောရင်းဆိုရင်း အိမ်ဝိုင်းထဲ ဆိုင်ကယ် တစ်စီးနဲ့ ကားတစ်စီး၀င်လာတယ်။
"အယ်.. လာ ကြပြီ ထင်တယ်"
ပြောပြောဆိုဆို ကားသံကြားတာနဲ့ အမေသန်းက အသက်၈၀ အရွယ်လို့မထင်ရအောင် ပေါ့ပေါ့ပါးပါး အိမ်ရှေ့ထွက်သွားတယ်။
>>>>
ကားပေါ်ကဆင်း ရောက်ကတည်းက ပါလာတဲ့သူငယ်ချင်း နှစ်ယောက်ကမုန့် စားပွဲနားက မထတော့ဘူး။ငှက်ပျောပူတင်း၊ ထိုးမုန့်၊ ဇနွင်းမကင်း၊ ကျောက်ချော၊လက်ဖက်သုပ်( ပုစွန်ခြောက်များများ၊ ခရမ်းချဉ်သီးအစိမ်းလေးနဲ့)၊
သရက်သီးမှည့်၊ သင်္ဘောသီး မှည့်၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ရှောက်ယို၊ နှမ်းယို ။
မုန့်ချိုလေးစားလိုက် အအီပြေ သင်္ဘောသီးထောင်း၊ သရက်သီး မှည့်လေးစား လိုက်နဲ့ အဆင်တွေပြေနေပြီ။
ယုကတော့ ရောက်ကတည်းက မျက်စိအောက်က အပျောက်မခံတဲ့ သတို့သား
လောင်း ကြီးရယ်၊ နူတ် ဆက်လို့မကုန်နိုင်၊စကားပြောလို့မကုန်နိုင်တဲ့ ဆွေမျိုးတစ်သိုက်ရယ်နဲ့အဆင်ပြေတယ် ပြောရမလား။