တရုတ်မလေးနှင့်ဒုဌ၀တီသား (၄၄)
“ယု”
“ရှင်.. မေ”
“သမီး ကြီးကြီးလှ တို့အိမ် ကြာဇံဟင်း သွားပို့လိုက်ပါအုံး”
“ဟုတ်"
“သမီး ရေ ..ချောချောခေါ်သွားနော်။နောက်ကနေ ချိုင့်ဆွဲရအောင်”
“ဟုတ်"
ဒီနေ့ က ယု ရဲ့ မွေးနေ့။ မောင်က စပရိုက် တိုက်တာမဟုတ်ဘူး။ယောက်မနဲ့ ယောက္ခမက စပရိုက် တိုက်တာ။
ယုမွေးနေ့အတွက်ဆိုပြီး ရွာထဲက ကလေး လူကြီး အားလုံးအတွက်အပင်ပန်းခံ ကြာဇံဟင်း ချက်ပြီး ကုသိုလ်လုပ်ပေးတာလေ။
>>>>>
ကြီးကြီးလှ တို့အိမ်ရောက်တော့ ကားရှေ့မှာ ခါးထောက်ပြီး လက်ပြလိုက် အော်လိုက် လုပ်နေတဲ့ ကြီးကြီး ကိုတွေ့တယ်။
နောက်က ကောက်ရိုးတွေတင်ထားတဲ့ လှည်းကလည်း ထွက်ရတော့မှာလိုလို ရပ်ရတော့မှာလိုလိုနဲ့။
“ကြီးကြီးတို့ ဘာတွေ လုပ်နေကြတာလဲ”
“အမယ်လေး မပြောချင်ပါဘူး ယုယုရယ်။ညည်း အဘ ကိုဘတုတ်ပေါ့အေ။
မနက်က ဟိုဘက်ရွာက အိမ်သစ်တက်သွားတော့ ကားထုတ်တတ်ပြီး အခု ကျမှ ပြန်မသွင်းတတ်နေတာ။
ခင်မျိုး ကလည်းမရှိနဲ့ ဒုက္ခတွေရောက်နေတာပါအေ”
“သမီးသွင်းပေးရမလား”
“ယုယု မောင်းတတ်ရင်လည်း သွင်းပေးစမ်းပါအေ။ ဒါမှ ဟိုကောင်ငထွန်းလှည်းလည်း ထွက်လို့ရမှာ”
“ဟုဟု”
>>>>>
“ကဲ ..ကြည့်စမ်း.. ကိုတုတ်။ ယုယု များ သွင်း လိုက်တာ ခဏရယ်။တော့သာ ကြာနေတာ။တဝဲလည်လည် နဲ့ ကျုပ် ကားမီးခွက်ကြီးများ ကွဲတော့မလား စိုးရိမ်လိုက်ရတာတော် ရင်တမမနဲ့”
ကြာဇံဟင်း ပေးပြီးတာနဲ့ ပြန်ဖို့ လုပ်နေတဲ့ ယုယုနဲ့ မချော ကို ကြီးကြီးက
“ဟယ် ပြန်ကြတော့မှာလား။ ထိုင်ကြပါအုံး”
“မထိုင်တော့ ဘူး ကြီးကြီး။ အိမ်မှာ လုပ်စရာတွေ ရှိသေးလို့”