တရုတ်မလေးနှင့်ဒုဌ၀တီသား (၃၆)
လယ်တော ကနေ ပြန်လာတဲ့ ဖိုးဉာဏ် တစ်ယောက် နည်းနည်းဒေါသထွက်ပြန်လာရာကနေ အမေကြီးအိမ်အောက်က သူတို့အခန်းထဲ ပိုက်ဆံ ထိုင်ရေ နေတဲ့ မိန်းမကိုမြင်တော့ ပိုဆိုးသွားတယ်။
“ယု ၊ ခင်များကို မောင် ထမင်းမငတ် ၊ အ၀တ်မပြတ် စေရပါဘူး။လုပ်ကျွေးနိုင်ပါတယ် “
တတ်နိုင်သမျှ လေသံ မပြင်းဖို့ ကြိုးစားပင်မယ့် ဒေါသအရှိန်ကြောင့်ပြင်းသွားသည့်အသံကြောင့်
သူမက စာရင်းရေးရာကနေ မော့ကြည့်သည်။ပြီးတော့ မှ လေသံအေးအေးနှင့်မေးသည်။
“မောင် ၊ ဘာဖြစ်လာတာလဲ “
“ကျုပ်က ဘာမှမဖြစ်ဘူး။ ဖြစ်နေတာ ခင်များ။
ခင်များ .. ခင်များ ကို ကျုပ်အတန်တန်ပြောတယ်။“သူများပေါ် မတရား တာမလုပ်နဲ့ ။ မတရားတာ လုပ်ရင် မတရားခံရမယ် ဆိုတာ ခဏ ခဏ ပြောတယ်။
ခင်များ နားမထောင်ဘူး”
“နေစမ်းပါအုံး ယုက ဘယ်သူ့အပေါ် ဘာတွေ မတရားတာ လုပ်နေလို့မောင်က ဒေါကြီးမောကြီး လာအော်နေတာ “
“အော်တာမဟုတ်ဘူး။ မင်းနားလည်အောင် ပြောပြနေတာ “
“နားလည်အောင် ဘာကို နားလည်ရမှာလဲ “
ယုကလည်း ဖိုးဉာဏ် ထက်မလျော့သော အသံဖြင့်ပြန်အော်သည်။
ဖိုးဉာဏ် လည်း တောက်တစ်ချက် ခေါက်ရင်း ရှေ့ဆက်ပြောတယ်။
“ သူ့မိန်းမဆေးရုံတက်ရ လို့ ပိုက်ဆံ ချေး တဲ့ ကိုနိုင် ဆီက နို့မခွဲ ရသေးတဲ့ နွားမကြီး နဲ့ နွားကလေး ချယူ ဖို့ မင်းလုပ်နေတာ လေ။
ချယူ ဖို့ ဈေး တန်မတန်ကိုတောင် မင်း မနေ့ညက အိပ်ရင်း ငါ့ကို လာမေးနေတာ။
မင်းခေါင်းထဲ မှာ ငွေ ပဲရှိတာလား။ ကိုယ်ချင်းစာစိတ် တွေ ဘာတွေ မရှိ ဘူးလား”
ဖိုးဉာဏ်စကား ဆုံးသည်နှင့် ယုက မျက်တောင်တစ်ချက်မခတ် သူမယောကျာ်း မျက်နှာ တည့်တည့်ကြည့် ၊ ခါးထောက် လျက်သားမေးသည်။
“ဆိုတော့ ခေါင်းထဲမှာ ငွေ ပဲရှိ ၊ ကိုယ်ချင်းစာစိတ် မရှိတဲ့ မိန်းမ မို့နားလည်အောင် ဒီလို လေသံ နဲ့ လာ ဆုံးမတယ် ပေါ့။ ဟုတ်လား”