Chapter 141- Edmond Dantés 12

2.9K 503 63
                                    

Unicode

ကျိုးဟွိုက်ကျင်းခေါ်သည့်နေရာက အတော်လေးကြည့်ကောင်းသည့် ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ဖြစ်၏။ တံခါးဝတွင် ဖိနပ်ချွတ်ကာ ဝင်ခဲ့ရပြီး စားသောက်ခန်းအကျယ်မရှိ။ သီးသန့်ခန်းလေးများ တစ်ခန်းချင်း ကန့်ထား၏။ ဖေးတုက ဖိတ်ခေါ်မှုအတွက် တစ်ယောက်ထဲ ရောက်လာခဲ့သည်။ သီးသန့်ခန်းတစ်ခန်း၏ တံခါးကို ဖွင့်ချိန် တွေ့လိုက်ရသည့် ကျိုးဟွိုက်ကျင်းကို သူ မှတ်ပင်မမှတ်မိ။

ကျိုးအုပ်စု၏ အစစ်မှန်ဆုံးသော ဆက်ခံသူမှာ တစ်ရောင်တည်းသာရှိသည့် ရိုးရှင်းလွန်းသော ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ အရင်ကလို ဆံပင်တွေကို ကျော့နေအောင် ပုံသွင်းထားခြင်းမရှိ။ သူ့ဘေးတွင် ထီးထီးကြီး ရပ်နေသည့် ခရီးဆောင်အိတ်ကလဲ ရာသီဥတုဒဏ်ကို အတော်လေးခံထားရပုံပေါ်၏။ မျက်နှာက ကြည့်ကောင်းသည့်အထဲတွင် ပါသေးသော်လဲ ပိန်ကျသွားသည့်အတွက် အရိုးပေါ်အရေတင်ဟု ခေါ်ရမလို။ နားသယ်စတွင် ဆံပင်ဖြူတိုတိုလေးများ ပေါက်နေသည်က ဇရာကို ​​ပြချင်နေသကဲ့သို့ပင်။

အရင်က ကျိုးဟွိုက်ကျင်းပုံစံမှာ အင်အားကြီး မိသားစု၏ သခင်လေးနှင့်တူသည်ဆိုပါက အခုလို ဆံပင်ဖြူ ထိုးထိုးထောင်ထောင်နှင့် ရှပ်အင်္ကျီပုံတုံးတုံး ဝတ်ထားသော သူ့ပုံစံက သာမန်လူကြီးတစ်ယောက်နှင့်တူနေသည်။ ချမ်းသာကြွယ်ဝမှုကြောင့် ကျက်သရေတို့လွှမ်းခြုံထားသည့် အရေခွံက ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလှပ်နေသည်။

" ကျွန်တော့်ဆံပင်က ဟိုးအရင်ထဲက ဖြူတာပါ.. အသက် ၂၀​ကျော်လေးနဲ့ ဖြူကုန်တာ.. အရင်တုန်းကတော့ ဆံပင်ဆေးဆိုးပစ်တာပဲ.. အခုနောက်ပိုင်း ဒါကို ပြဿနာကြီးတစ်ခုလို အရေးမလုပ်ချင်တော့ဘူးဗျာ.. ခင်ဗျားအတွက်တော့ ရယ်စရာ​ကောင်းနေမယ်ထင်တယ် ဥက္ကဋ္ဌဖေး"
ကျိုးဟွိုက်ကျင်းက ဖေးတုကို ​ပြုံးပြသည်။
" ထိုင်ပါဗျာ.. ဟိုးအရင်ထဲက ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ တိတ်တိတ်လေး ဖွင့်ထားတဲ့ဆိုင်ပါ.. မိသားစုတွေတောင် တစ်ယောက်မှ မသိဘူး"

ဖေးတုအကြည့်က နံရံပေါ်မှ ပန်းချီကားဆီသို့ ရောက်သွားသည်။ နေဝင်ချိန်ကို ရေးဆွဲထားသည့် ဆီဆေးပန်းချီကားတစ်ချပ်ဖြစ်၏။ သာမန် အတွေးအမြင်နှင့် သာမန်ဆေးရောင်တို့ဖြင့်သာ ရေးခြယ်ထားသည်ဖြစ်ပြီး ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရ။ သို့သော် ဆေးရောင်များများသုံးထားသည့်အတွက် နွေးထွေးမှုကို ခံစားရသည်။ အနုပညာအရ တန်ဖိုးအမြင့်ကြီး မရှိသော်လဲ သဘာဝအလှတရားနှင့် အတော်လေးကိုက်ညီ၏။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now