" မင်္ဂလာပါ ... ကျွန်တော် နေနိုင်းမင်းသော်ပါ။ "
လက်ထောက်ရန်နိုင်နှင့်အတူ ပါလာသော အသံကြည်ကြည်ချိုချိုလေး ရှိသည့် ကောင်လေးကို Laptopဖြင့် ဇာတ်လမ်းတွဲ ကြည့်နေရာမှ ခဏရပ်လိုက်ပြီး ဝေဟင် မော့ကြည့်လိုက်သည်။
ကောင်လေးက အသံချိုပေမယ့် ကလေးဆန်သည့် မျက်နှာမျိုး မဟုတ်ဘဲ ယောကျ်ားပီသသည့် ဟန်ပန်ဘက် သွားသည်။ အနည်းငယ် ရှည်သော ဘေးခွဲဆံပင်ကို Styleကျကျ ပုံသွင်းထားပြီး ရံဖန်ရံခါသာ ထင်းသည့် ခရမ်းဖျော့ရောင် ဆေးဆိုးထားသည့် ကောင်လေးက တည်ငြိမ်ပြီး ခေတ်ရှေ့ပြေးသည့်ဘက်သွားသည်။
နေနိုင်း၏ သီချင်းတွေ အကုန်လုံး Hotဖြစ်ပြီး ထိပ်ဆုံးမှာ ရှိပေမယ့် ဘယ်သီချင်းမှာမှ သူ့မျက်နှာကို မမြင်ဖူးပေ။ ဒီလောက် အသက်ငယ်ပြီး အခုလောက် ချောမည်လို့ ဝေဟင်လည်း ထင်မထားပေ။
နေနိုင်းမှာ မျက်ခုံး နက်နက်လေးရှိပြီး မျက်ဆံလည်း နက်သည်။ နှာတံ ပေါ်ပြီး မေးရိုးရော လည်စေ့ပါ ထင်းသည်။အပေါ်နှုတ်ခမ်း အနည်းငယ်ပါးသည်။ခြုံကြည့်ရင် ယောကျာ်းပီသပြီး ချောတာမျိုး ဖြစ်၏။
သေချာကြည့်နေပြီးမှ ဝေဟင်က အကြည့်လွှဲလိုက်ကာ အလုပ်စားပွဲမှ ထ, လာပြီး ဧည့်တွေ့သည့် နေရာကို လက်ညှိုးထိုးပြကာ ပြောသည်။
" ထိုင်ပါဦး ။ "
နေနိုင်းက ဝေဟင်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ ဝေဟင်၏ မျက်နှာအနေအထားက အချိန်တော်တော်များများမှာ တည်ငြိမ်နေတာမျိုး ဖြစ်၏။နေနိုင်းကိုတောင် လူမှုရေးအရ နှုတ်ခမ်း ကွေးညွတ်ရုံလောက်သာ အသာ ပြုံးပြသည်။
" နေနိုင်းမင်းသော်ကို သိနေတာတော့ ကြာပါပြီ။ လူချင်း အခုမှ တွေ့ဖူးတယ်။ကျွန်တော်တို့ Entertainmentက နောက်ထွက်မည့် ဇာတ်လမ်းတွဲမှာ Theme Songအဆိုတော်အတွက် ကမ်းလှမ်းချင်ပါတယ်။ ရန်နိုင်လည်း ကြိုပြောထားမယ် ထင်ပါတယ်။ ဒါက သီချင်းအတွက် တေးရေးဆရာ ရေးပေးထားတဲ့ စာသားနှင့် နုတ်တွေပါ။ နေနိုင်းမင်းသော် အလုပ်တွဲလုပ်ဖူးတဲ့ တေးရေးဆရာပါပဲ။ "