နေ့လယ်သုံးနာရီကျော်လောက် နေနိုင်း အလုပ်မှ ပြန်ရောက်လာတော့ မိသားစု အားလုံး စုံညီနေကာ ခြံထဲမှာ ခုံတွေခင်းကျင်းထားပြီး BBQ လုပ်စားဖို့ ပြင်နေကြသည်။ နိုင်မင်းသော်က ရှပ်အင်္ကျီဖြူကို တံတောင်ဆစ်နားအထိ လက်ခေါက်တင်ထားပြီး Style Pantအနက်နှင့် တွဲဖက်ဝတ်ထားသည်။
" အားလုံးမျှော်နေတဲ့ မင်းသားချော ပြန်လာပါပြီ။ "
ဦးနိုင်လင်းက နေနိုင်း ကားပေါ်က ဆင်းလာတော့ လှမ်းအော်ပြောကာ အနားလာခဲ့ဖို့ ခေါ်သည်။ဟိန်းမင်းသော်က နေနိုင်းကို တစ်ချက်သာ လှမ်းကြည့်ပြီး အကင်အတွက် ဆော့စ်စပ်နေသည်။ ကလေးတွေအတွက်အချို၊ လူကြီးတွေအတွက် အစပ်ဆိုပြီး နှစ်မျိုး ခွဲလုပ်ရသည်။
" ဖုန်းဆက်ထားတာ ကြာလှပြီ ... အခုမှ ပေါ်လာတော့တယ်။ တော်သေးတယ် နောက်မကျလို့။ "
ဒေါ်စုစုနိုင်က နေနိုင်း၏ လက်မောင်းမှ ဆွဲခေါ်လာခဲ့သည်။ နေနိုင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း ပြောသည်။
" စာရင်းတွေ ပုံနေလို့ပါ အမေ ... "
" သား အစ်ကို ပြန်ရောက်နေလို့ Supriseဖြစ်အောင် လှမ်းခေါ်လိုက်တာကို သုံးနာရီကျော်မှ ပြန်လာတယ်။ "
နိုင်မင်းသော် ပြန်ရောက်နေတာ သိထားပြီးသား ဖြစ်သော်ငြား မိဘတွေရှေ့မို့ နေနိုင်းရော နိုင်မင်းသော်ပါ မျက်နှာချင်းဆိုင်ဖြင့် တစ်ယောက်ပခုံး တစ်ယောက်ဖက်ပြီး ကျောပြင်ကို ခပ်ဖွဖွ ပုတ်ကာ နှုတ်ဆက်လိုက်ကြသည်။
" လွမ်းနေတာ အငယ်လေး "
" ကျွန်တော်လည်း သတိရနေတာပါ "
ကျောပိုးအိတ်ကို တွေ့တဲ့ခုံပေါ် တင်ချလိုက်ပြီး နေနိုင်းက အင်္ကျီလက်နေရာတွေ ခေါက်တင်လိုက်ရင်း ပြောလိုက်သည်။
" အမေ ကျွန်တော် ကူလုပ်ပေးမယ်လေ။ ဖက်ထုပ်ပေါင်းမလို့လား။ "
ဒေါ်စုစုနိုင်က ခေါင်းရမ်းပြလိုက်ပြီး နိုင်မင်းသော်ကိုသာ မေးဆတ်ပြလိုက်သည်။