ဝေဟင် နံနက်စာ စားပြီးသည်အထိ နေနိုင်းကို မတွေ့သေးပေ။သေချာ တွေးလိုက်ရင် မနေ့က လည်ပတ်ပြီး ပြန်လာတဲ့ ညနေ နောက်ပိုင်းကတည်းက မတွေ့တာ ဖြစ်၏။သောက်ပြီးသား ကော်ဖီခွက်ကို ဝေဟင်ဆေးလိုက်ပြီး နေရာတကျ ပြန်ထားကာ ညာဘက်လက်လေးမှ ကိတ်ခြောက်တစ်ခုကို ယူခဲ့ပြီး ပါးစပ်ထဲ ခပ်သေးသေးလေးချင်း ကိုက်ကာ ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။
" ရန်နိုင် "
နံနက်စာ ပါဆယ်ဝယ်လာပြီး ထမင်းစားခန်းဆီ လာနေသော ရန်နိုင့်ကို တွေ့တာမို့ ဝေဟင် ခေါ်လိုက်တော့ ရန်နိုင်က ချက်ချင်း ထူးပါသည်။
" ဟုတ်ကဲ့ အစ်ကို "
" နေနိုင်းကို မတွေ့လို့။ မနိုးသေးတာလား။ ခဏနေဆို ရူတင်သွားမှာဆိုတော့ သူ လိုက်မလားလို့လေ။ "
" နေနိုင်း ပြန်သွားပြီလေ။ မနေ့ ညနေ မိုးချုပ်ခါနီးကပဲ ခရီးသွားကား ခေါ်လိုက်ပြီး ပြန်သွားတယ်လို့ ပြောတယ်။ အစ်ကို အိပ်နေလို့ မပြောသွားတာနေမှာ။ ကျွန်တော်လည်း သူများတွေ ပြောမှ သိရတာ။အစ်ကို သိပြီးပြီတောင် ထင်နေတာ။ "
ဝေဟင့်မှာ မျက်လုံးလေးပြူးပြီး အံ့သြနေသည်။
" ဟုတ်လား "
" ဟုတ်ကဲ့ ... ဒါနဲ့ သူ့လက်က အပူလောင်တာရော သက်သာလား အစ်ကို။ "
" ဘယ်ဟာလဲ။ "
ဝေဟင်က ပြန်မေးတော့ ရန်နိုင်က ဒါလည်း မသိပြန်ဘူးလားဆိုတဲ့ ပုံစံဖြင့် ဝေဟင့်ကို ပြန်ကြည့်သည်။ဝေဟင် ခေါင်းငြိမ့်ပြပါမှ ရန်နိုင်က ပြောသည်။
" မနေ့က မနက်က ကျွန်တော်တို့ နံနက်စာ သွားစားတုန်းက အပူလောင်ရင် လိမ်းတဲ့ဆေး ဝယ်လာပေးဖို့ သူ ဖုန်းဆက်လာတယ်။ ရေချိုးဖို့ ရေနွေးစပ်ရင်း ရေနွေးငွေ့ ဟပ်ပြီး လက်မှာ အပူလောင်သလို ဖြစ်သွားတယ်တော့ ပြောတာပဲ။ သူကဖြင့် ကျွန်တော်တို့ အရင် ရေချိုးပြီးသွားတာကိုလေ။ကျွန်တော်လည်း ကိုမျိုးနိုင်ဦးကို စားရင်းသောက်ရင်း ဆုံးမရင်းနဲ့ မေ့လာလို့ မဝယ်ခဲ့လိုက်ရဘူး။"