ဝေဟင် မျက်နှာသစ်အပြီး မီးဖိုချောင်ဘက်ဆီမှ အသံကြားနေရသည်မို့ ယုန်ရုပ် အသေးလေး နှစ်ခုပါသော အိမ်တွင်းစီး ကွင်းထိုးဖိနပ် အပါးလေးကို စီးလိုက်ပြီး ချက်ချင်း ထွက်ကြည့်လိုက်သည်။နေနိုင်းက ဝယ်လာသည့် နံနက်စာတွေကို ထမင်းစား စားပွဲပေါ် တစ်ခုချင်းချနေရင်းမှ ဝေဟင့်ကို လှည့်ကြည့်ကာ ပြုံးပြသည်။
" အစောကြီး ရောက်လာတာလား။ "
" ဟုတ် ... ဒီနေ့အလုပ်လည်း သွားရမှာမို့ ဆယ်နာရီခွဲလောက်က စပြီး တစ်နေကုန် မအားလောက်ဘူး။ အဲဒါ မနက်စာ စားချိန်လေး အတူရှိနေချင်လို့။ "
ရင်ကွဲ ဆွယ်တာ အင်္ကျီလေး၏ ရင်ဘတ်ကို လက်လေးဖြင့် ဆွဲစေ့ရင်းမှ ဝေဟင်က နေနိုင်း အနား ရောက်လာသည်။
" မနေ့ညတုန်းက နေနိုင်းရဲ့ မိဘတွေ ဘာပြောသေးလဲ။ "
နေနိုင်း မနေ့ညက Condoမှာပဲ ဝေဟင်နှင့်အတူ အိပ်ဖို့ပေမယ့် ညရှစ်နာရီကျော်မှာတင် အိမ်မှ ဖုန်းဆက်ခေါ်လို့ ပြန်ခဲ့ရသည်။ ထိုကိစ္စကို ဝေဟင်က စိုးရိမ်နေဟန် နေနိုင်း၏ မျက်နှာကို အရိပ်တကြည့်ကြည့်ဖြင့် မေးလိုက်မိ၏။
" သြော် ... ထွေထွေထူးထူး မဟုတ်ပါဘူး။ ညဘက် အပြင်မှာ ခဏခဏ အိပ်နေတာ စိတ်မချလို့ ပြန်ခေါ်တာပါ။ "
" အဲဒါပဲလား။ "
" ဟုတ်ကဲ့ "
" နေနိုင်းက ၂၁နှစ်လေးပဲ ရှိသေးတာလေ။ လူကြီးတွေ စိတ်ပူတာ ဖြစ်သင့်ပါတယ်။ ကိုယ် အဲဒီအချက်ကို ထည့်မတွေးလိုက်မိဘူး။ ကိုယ်က ကိုယ်ဖြစ်ချင်တာတွေနဲ့ ကိုယ့်အလုပ်ကိုပဲ ဦးစားပေးနေမိတာ။ အလုပ်ရော ကိုယ့်ကိုပါ ဂရုစိုက်နေရတော့ နေနိုင်း ပင်ပန်းမှာပဲ။ "
ဝေဟင်က ပန်းကန်စဥ်မှ ပန်းကန်နှစ်ချပ်နှင့် ပန်းကန်လုံး တစ်လုံးကို ယူကာ ရေဆေးလိုက်သည်။ ရေဆေးပြီးသား ပန်းကန်တွေကို နေနိုင်းက လက်ကမ်းယူလိုက်ပြီး ဝယ်လာခဲ့သည့် မုန့်တီသုပ်ကို သေချာသန့်ရပ်နေအောင် ထည့်ရင်း ပြောသည်။