ဇာတ်ညွှန်းဖတ်နေရင်းမှ အခန်းတံခါးခေါက်သံကြောင့် ဝေဟင်က နှာခေါင်းအနည်းငယ်ရှုံ့လိုက်ပြီး အိပ်ယာပေါ်မှ ဆင်းသည်။မနက်ဖြန် ရိုက်ကူးမည့် Sceneတွေကို ညကတည်းက သေချာ ပြန်ဖတ်တတ်တာ ဝေဟင်၏ အကျင့်ပင်။
တံခါးလေးကို အနည်းငယ် ဟလိုက်ပြီး ခေါင်းလေး ထွက်ကြည့်လိုက်တော့ တံခါးဝမှာ နေနိုင်းက မတ်တပ်ရပ်နေသည်။
" အင်း ... နေနိုင်းပြောလေ။ "
နေနိုင်းက လက်ထဲမှာ ပန်းကန်ပြား အသေးလေးခံကာ အပေါ်မှာ ရေနွေးရောင်ရှိသော ဆေးရည်ခွက်ကို မြောက်ပြရင်း ပြောသည်။
" အစ်ကို အအေးမိနေလို့ဆို။ အဲဒါ ကျွန်တော် ဂျင်းရည် ကြိုလာပေးတာ။ "
ဝေဟင်က ဆေးရည်ခွက်ကို ကြည့်ပြီး အားနာစွာ ခေါင်းငြိမ့်ပြရင်း လက်လေးနှစ်ဖက်ပါ ထွက်လာကာ ယူသည်။
" ကျေးဇူးပဲနော်။ "
" အစ်ကို ... "
နေနိုင်းက ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ဝေဟင်၏ ညာဘက် နှာခေါင်းဝမှာ ရုူဆေးဘူး ထိပ်ဖျားလေး ထိုးထည့်ထားသည်ကို ဆွဲနုတ်ပေးသည်။နှာမွှန်နေသည်မို့ ဝေဟင်လည်း ရုူဆေးဘူးကို ပြီးသလွယ် ထိုးထည့်ပြီး ဇာတ်ညွှန်းဖတ်နေရင်း မေ့သွားခဲ့တာပင်။အခုမှ ရှက်ဖို့ သတိရသည်။
" နှာမွှန်နေရင် ဆေးနည်းသိတယ်။ ကျွန်တော် လုပ်ပေးမယ်လေ။ "
" အာ ... ရပါတယ် နေနိုင်းရဲ့။ ရုူဆေးဘူး ရုူလိုက်ရင် ပျောက်သွားမှာပါ။ "
နေနိုင်းက အနည်းငယ် ရဲနေသော ဝေဟင်၏ နှာခေါင်းထိပ်လေးကို ကြည့်ကာ သက်ပြင်း ခပ်တိုးတိုး ချရင်း ပြောသည်။
" ရုူဆေးဘူးကို နှာခေါင်းထဲ အဲဒီလို ထိုးမထည့်ရဘူး။ အပူတွေမို့ နှာခေါင်းသွေးလျှံတတ်တယ်။ အမြန်ဆုံး သက်သာအောင် ကျွန်တော် လုပ်ပေးပါ့မယ်။ "
ဝေဟင်၏ စရိုက်ကို နေနိုင်းသိသည်။ ဝေဒနာတစ်ခုခုဆို မခံစားနိုင်တာ ဖြစ်သည်။ ခေါင်းကိုက်နေသည်ပဲဖြစ်ဖြစ်၊ ချောင်းဆိုးနေသည်ပဲ ဖြစ်ဖြစ် အမြန်ဆုံး သက်သာချင်တာ ဖြစ်သည်။သက်သာသည်၊ကောင်းသည်လို့ အခြားသူ ပြောသည့် ဆေးတွေလည်း အချိန်ခြားကာ သောက်တတ်သေးသည်။ နောက်ပြီး ရာသီဥတု အရမ်းအေးနေရင် ဝေဟင်၏ ခြေချောင်းလေးတွေက ပူးကပ်သွားပြီး အကြောကပ်တတ်သေးသည်။