"ဟေး....... ငါးသည် Gu ဆိုင်မသိမ်းသေးဘူးလား"
ငါးသည် Gu သည် သူ၏ရေခဲစိမ်ထားသောငါးပုံးများအား အဖုံးတွေလိုက်ပိတ်နေရင်း တစ်ဖက်ဆိုင်ခန်းမှလှမ်းမေးနေသည့် အသီးသည်အဒေါ်ကြီးအား
"အခုသိမ်းတော့မှာ အဒေါ်ရ....... ဒီနေ့သိပ်ရောင်းမကောင်းတော့ ဆိုင်သိမ်းရမှာအားမရှိလို့ဗျို့......."
အသီးသည်အဒေါ်ကြီးက သူမ၏ဆိုင်တံခါးအားဆွဲချကာပိတ်လိုက်ပြီး
"ဒီလိုပါပဲကွယ်.......မြန်မြန်သိမ်းပြီးမြန်မြန်ပြန်တော့......ဆောင်းဝင်လာပြီဆိုတော့ ညတာကမြန်လာပြီ အဒေါ်လည်းပြန်ပြီ"
"ဟုတ်ကဲ့......ဂရုစိုက်ပြီးပြန်ပါ!!!!"
ငါးသည် Guသည်ငါးပုံးများအားဆိုင်အခန်းထဲသို့ရွှေ့ရင်းဖြင့်အော်ပြောလိုက်သည်။
စျေးတန်းကြီးထဲတွင် လူတစ်ယောက်စနှစ်ယောက်စတာ ရှိတော့ပြီး ည၆ နာရီဖြစ်သော်ငြား ဆောင်းရာသီ၏အမှတ်အသားကြောင့် အမှောင်ရိပ်သန်းနေလေပြီဖြစ်သည်။ ယခင်က ည၉နာရီအထိ ဆိုင်ခန်းများဖွင့်လှစ်ခဲ့သော်လည်းမြို့တော်ဝန်၏အမိန့်ဖြင့်မနက်၆နာရီညနေ၆နာရီအထိသာ စျေးရောင်းခွင့်ရှိတော့သည်ဖြစ်သည်။
အသီးသည် အဒေါ်သည်သူမ၏လက်ဆွဲအိတ်အသေးလေးအားလက်တွင်ချိတ်၍ စျေးတန်းထဲမှအပြင်သို့လမ်းလျှောက်ကာထွက်လာသည်။ စျေးတန်း၏အပြင်ဘက် ခပ်ဝေးဝေးတွင်ဘတ်စ်ကားမှတ်တိုင်ရှိပြီး ထိုမှတ်တိုင်မှကားစောင့်ကာအိမ်ပြန်ရမည်ဖြစ်သည်။ အသက်အရွယ်ရနေသောသူမက မျက်စိအားသိပ်မကောင်းတော့သဖြင့်မမှောင်ခင်အိမ်သို့ရောက်ချင်သောကြောင့် လမ်းအားခပ်သုတ်သုတ်လျှောက်နေရင်းမှ ရုတ်တရက် ရပ်တန့်လိုက်ကာ ညာဘက်ရှိ ဆိုင်ခန်းနှစ်ခန်းကြားထဲသို့ကြည့်လိုက်သည်။ မဲမှောင်နေသောထိုနေရာ၌ တစ်ခုခုရှိနေသလိုခံစားရသောကြောင့်
"တစ်ယောက်ယောက်ရှိနေတာလား....."
တိတ်ဆိတ်နေသောကြောင့် သူမ မျက်မှောင်ကျုံ့ကာအနောက်သ်ို့လှည့်ကြည့်သည့်အခါ သူမပတ်ဝန်းကျင်တွင်တစ်ဦးတစ်ယောက်မှရှိမနေပေ။