"ဟာအိုဟျောင်းက ဟန်ဘင်းဟျောင်းနဲ့ ကွာရှင်းတော့မှာဆို။"
"အေး"
လိမ္မော်သီးတစ်လုံးကို အခွံခွာရင်း ပြန်ဖြေလာတဲ့ ဟာအိုဟျောင်းရဲ့ပုံစံက အေးအေးဆေးဆေး။
"ဘာလို့လဲ၊ ပေးစားလို့ယူထားတယ်ဆိုပေမယ့် နှစ်ယောက်က တဖြည်းဖြည်း သံယောဇဥ်ရှိလာကြပြီ မဟုတ်ဘူးလား။"
"လက်ထပ်လိုက်တာနဲ့ သံယောဇဥ်ရှိလာမယ်လို့ ယူဆပစ်လို့ မရဘူးလေ ထယ်ရယ်ရ ... အချစ်က လုပ်ယူလို့မှ မရတာ၊ သံယောဇဥ်ဆိုတာကလည်း အချစ်ဆိုတာလေး နည်းနည်းပါးပါးအခံရှိမှဖြစ်တာ၊ ဘာမှမရှိရင် ဘာမှဖြစ်မလာဘူးလေ။"
"ဘယ်လိုကြီးလဲ၊ တစ်ခုခု လွဲနေသလိုပဲ။ ဘာက ဘာကို အခံရှိတာ ..."
"ထားပါ ... ဒါတွေကို မင်းလို လူပျိုနုနုထွတ်ထွတ်လေးက ဒါမျိုးတွေ ဘယ်လိုလုပ်ပြီး နားလည်ဦးမှာလဲ။ နောက်မှ နားလည်လာလိမ့်မယ်။ အခုတော့ ဟျောင်းကို လိမ္မော်သီးကူခွာဦး။ ဒီမှာ .. လက်အိတ်"
"အော .. ခုနကတည်းက ကြည့်နေတာ။ လိမ္မော်သီးတွေ အများကြီးပဲ ဟျောင်း၊ ဘာလုပ်မလို့လဲ။"
"ဆောင်းဟန်ဘင်းလေ။ လိမ္မော်ရည်သောက်ချင်တယ်ဆိုလို့ အခုဖျော်ပြီး သူ့ရုံးကိုသွားပို့ပေးရမှာ၊ အလုပ်ကိုရှုပ်တယ်။"
"ဟမ်!"
"သြော် .. အခွံခွာပြီးရင် အစေ့တွေပါဖယ်ပေးနော် ထယ်ရယ်လေး။ လိမ္မော်စေ့တွေပါသွားရင် ခါးမှာစိုးလို့။"
___ ♡ ´・ᴗ・ '♡ ___
"အခုချက်ချင်း ကွာရှင်းမယ် ဆောင်းဟန်ဘင်း။ ငါ မင်းနဲ့ လုံးဝဆက်မပေါင်းနိုင်တော့ဘူး!"
"ဟား ... ငါကရော မင်းလို ပြဿနာအိုးနဲ့ တအားပေါင်းချင်တယ်များ ထင်နေလား။"
"ငါ ပြဿနာရှာတာ မင်း စောက်ချိုးမပြေလို့လေ။"
"ငါ့အလုပ်က မိတ်ဆွေတွေကို ငါကူညီတာ ဘာမှားလို့လဲ၊ လူဆိုတာ အပေါင်းအသင်းနဲ့နေရတာကွ! ကျန်းဟာအို မင်းမှာလည်း မင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ မင်းရှိတာပဲ။"