"ဟောင့်ဟောင့် ခဏထဦး။ ဆေးသောက်ရအောင်"
အခန်းတံခါးဖွင့်သံနှင့်အတူ ကပ်ပါလာသော မာမားအသံကိုကြားသည်နှင့် ဟာအို ခေါင်းမြီးခြုံထားသောစောင်ကို ပိုလုံအောင်ဆွဲ၍ လူးလိမ့်နေလိုက်သည်။
"မား .. အဲဒါကြီးမသောက်ချင်ဘူး"
"မသောက်ချင်လို့ ရမလား။ ဆေးသောက်မှနေကောင်းမှာပေါ့"
"မသောက်ချင်ပါဘူးဆို"
"ဘာမသောက်ချင်ဘူးလဲ! ထ! အခုသောက်!"
"နေမကောင်းတဲ့သူကို ဘာလို့ လေသံမာမာကြီးနဲ့ လာအော်နေတာလဲ။ မားတို့က အမြဲအဲလိုကြီးပဲ .."
"ဟဲ့ ငါအော်တာ နင်ဆေးမသောက်လို့လေ။ ဆေးကို ချော့တိုက်နေရအောင် နင်က ကလေးလား ဟောင့်ဟောင့်ရဲ့ ... လူကဖြင့် ယောက်ျားရလို့ ကလေးတစ်ယောက်တောင်ရနေပြီ ဒါကို ..."
ပေါက်ပေါက်ဖောက်သည်ထက်ဆိုးသော မာမား၏ဓါတ်ပြားဟောင်းကြီးကို နားမခံနိုင်တော့သည့်အဆုံး ဟာအို လှဲနေရာမှထထိုင်၍ မျက်လုံးစုံမှိတ်ကာ ဆေးသောက်လိုက်ပြီး အိပ်ယာပေါ်ပြန်ခွေနေလိုက်သည်။ မာမားကတော့ ထုံးစံအတိုင်း ပြောမပြီးသေး။
"ဖျားနေတာကို ဆေးကမသောက်ချင်။ အားရှိအောင် အစားကောင်းကောင်းစားဆိုလည်း ဟိုဟာမစားချင်၊ ဒီဟာမစားချင်နဲ့"
"....."
"ဒီလိုသာ ပေကပ်ကပ်ဆက်လုပ်နေမယ်ဆိုရင် အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့ပေါက်ရတော့မယ်။ နင် မရှက်ဘူးလား ဒီအရွယ်ကြီးရောက်တဲ့အထိ ဒီလိုမျိုး ကလေးကလားလုပ်နေ ..."
ဘာမှပြန်မပြောဘဲ တစ်ဖက်လှည့်၍ အိပ်ချင်ယောင်ဆောင်နေလိုက်ရာ မား၏ပွစိပွစိဆူငေါက်သံများက တဖြည်းဖြည်း တိုးသွား၍ နောက်ဆုံး တံခါးပိတ်သံကြားမှ ဟာအို မျက်လုံးဖွင့်ကြည့်လိုက်သည်။
ဘူဆန်ရောက်နေသည်မှာ သုံးရက်ရှိပြီဖြစ်၍ ပထမတစ်ရက်၌ ချန်ချန်နှင့်သားအဖနှစ်ယောက် တစ်နေကုန် မြို့အနှံ့လျှောက်လည်ကြသော်လည်း နောက်တစ်နေ့တွင်တော့ ဟာအို ကောက်ခါငင်ခါဖျားတော့သည်။ သာမန်အအေးမိခြင်းဟု ဆရာဝန်ကိုယ်တိုင် အတည်ပြုပေးသည့် နာဖျားခြင်းအမှုတွင် အိပ်ယာထဲမှ မထချင်သလို ဘာကိုမှလည်း စားချင်သောက်ချင်စိတ်ရှိမနေ။ ချန်ချန့်ကို အဖျားကူးမည်စိုး၍ မာမားဆီ အပ်ထားလိုက်ပြီး ဖျားနေသည့်နှစ်ရက်လုံး အခန်းထဲမှမထွက်ဘဲ အိပ်ယာပေါ်၌သာ ခွေနေမိသည်။