"ဘယ်သူ့မှာ အပြစ်ရှိတာလဲ"
"အာပါးမှာ အပြစ်ရှိတာပါ"
"ပိုဒိုရီပါ"
ထွက်လာတဲ့အသံက ပြိုင်တူ။ ဟာအို နားထင်ကို လက်ညှိုးနဲ့ဖိပြီး စိတ်ပျက်လက်ပျက်ခေါင်းယမ်းလိုက်သည်။
"အာပါး ... အဲလိုမညစ်ကြေးလေ! အာပါးခေါ်လို့ ချန်ချန်လိုက်ရတာ"
"အာပါးက ပိုဒိုရီစာမေးပွဲဖြေရမှာမှန်း မသိလို့လေ။ ပိုဒိုရီကမှ မပြောတာ"
"မေ့နေလို့ပါဆို .. အဲဒီစာမေးပွဲဆိုတာတွေက အားတိုင်းဖြေနေရတာ"
"အဲဒါလည်း ဟုတ်တာပဲ။ အာပါး ကျောင်းတက်တုန်းကဆိုရင်လည်း စာမေးပွဲဖြေမယ့်ရက် ခဏခဏလွဲတာ"
တစ်ယောက်နဲ့တစ်ယောက်အပြစ်လွှဲချရင်း အတိုင်အဖောက်ပြန်ညီသွားသည့်သားအဖက ရုပ်ချင်းသာမက အကျင့်ချင်းကလည်း ပိုပြီးတူလာသည်။ အထူးသဖြင့် ကျောင်းစာနှင့်ပတ်သတ်လျှင် ချန်ချန်က ဆောင်းဟန်ဘင်းရဲ့ခြေရာကို တထပ်တည်းနင်းသည်။ အခုလည်း ကျောင်းမှာ စာမေးပွဲရှိမှန်းမသိဘဲ သူ့အာပါးနဲ့ ဂျပန်ကို Cricket ပွဲသွားကြည့်ကြသတဲ့။ စာမေးပွဲလာမဖြေလို့ မေဂျာဌာနမှူးက အိမ်အထိ စာပို့လာတော့မှ ဟာအို အကြောင်းစုံကို သိရသည်။
"တော်ကြတော့! အပိုတွေပြောမနေနဲ့။ ဘာပဲဖြစ်ဖြစ် စာမေးပွဲကျမှာက ကျမှာပဲလေ။ ပြီးတော့ ကျောင်းကနေ အကြောင်းကြားစာကြီးပါ အိမ်အထိရောက်လာတာ ဘယ်လောက်ရှက်စရာကောင်းလဲ!"
" .. "
"တက္ကသိုလ်တောင် တက်နေပြီလေကွာ။ စာမေးပွဲကျတာ မဆန်းပါဘူး။ သူများတွေလည်း ဒီလိုကျကြတာ .."
"ဆောင်းဟန်ဘင်း!"
ဒေါသဖြစ်ဖြစ်နဲ့ အော်ပစ်လိုက်တော့ သားအဖနှစ်ယောက်သား မတရားခံနေရသလို မျက်နှာငယ်လေးတွေနဲ့ ကြည့်လာ၏။ ဒါပေမယ့် ဟာအို အလျှော့ပေးလိုက်လို့မဖြစ်။ ဒီအဖေသည်းသည်းနဲ့ သားကဲကဲနှစ်ယောက်ကို ဒီအတိုင်းလွှတ်ထားပါက ဟန်ဝေ့ချန် စာမေးပွဲမှန်မှန်အောင်ပြီး အတန်းတက်နိုင်ဖို့အရေး ဟာအို အနောက်က ကန်တော့ပွဲနဲ့လိုက်ပြီး ဆုတောင်းရနိုင်ခြေရှိသည်။