အစည်းအဝေးခန်းထဲ၌ အပူချိန်က အတော်လေးထိုးကျနေသည်။ ထိပ်ဆုံး၌ အရယ်အပြုံးမရှိ ရုပ်တည်ကြီးဖြင့်ထိုင်နေသည့် မန်နေဂျင်းကြောင့် အစည်းအဝေးတက်လာသည့်ဝန်ထမ်းအားလုံး ခါတိုင်းလို အိပ်ငိုက်ဖို့မပြောနှင့်၊ အသက်ပင်ပြင်းပြင်းမရှုရဲ။အမြဲတမ်းပြုံးရွှင်ဖော်ရွေပြီး သဘောကောင်းသည့် သူတို့မန်နေဂျင်းက အခုတလော လူစားထိုးခံလိုက်သလို စိတ်အပြောင်းအလဲမြန်နေသဖြင့် ရုံး၌ ရာသီဥတုကွက်ကြားဖောက်ပြန်နေပြီး အားလုံးသတိနှင့်နေ၊ သတိနှင့်စား၊ သတိနှင့်သွားရသည်။
"နောက်လာမယ့်ပရောဂျက်အတွက် အဆောက်အဦးသစ်တွေကို ... "
အစီရင်ခံစာကိုအသေးစိတ်တင်ပြနေသည့် လက်ထောက်ဌာနမှူး၏အသံကိုကြားနေရသော်လည်း ဟန်ဘင်း အစည်းအဝေး၌အာရုံစိုက်မရ။ အစောပိုင်းကမြင်လိုက်သည့် ဗီဒီယိုတစ်ခုကိုသာ စိတ်ထဲစွဲနေသည်။
ဒီရက်ပိုင်း ကိုရီးယားပြန်ရောက်နေသည့် ဂင်မ်ထယ်ရယ်နှင့်ပေါင်းမိပြီး နှစ်ယောက်ပေါင်းလောင်းကျော်နေသူက ဆိုင်တစ်ဖက်နှင့် ဘယ်အချိန် အကသင်တန်းသွားတက်လိုက်မှန်းမသိ၊ HAOPOT Villie နာမည်နှင့်ဖွင့်ထားသည့် ဆိုရှယ်မီဒီယာအကောင့်တွင် ဆိုင်အတွက် ပရိုမိုရှင်းဆင်းသည်ဟုဆိုကာ Dance Challenge Video များ တင်တတ်လာသည်။
အခုလည်း သားမွေးကုတ်အဖြူ၊ စတိုင်ပင်န်အနက်ရောင်ကို ကြွကြွရွရွဝတ်ထားသူက ထယ်ရယ်နှင့်အတူကနေသည့် ဗီဒီယိုတစ်ခုတင်ထားသည်။ အသစ်စက်စက်ဆိုးထားသည့် ရွှေအိုရောင်ဆံပင်၊ လည်တိုင်၌ချည်ထားသည့် အနက်ရောင်ဖဲကြိုးနှင့် နားဆွဲတစ်ဖက်အပြင် ထင်းနေသည့် ခြေတံရှည်ရှည်များနှင့် မျက်နှာအမူအယာကအစ ... [ No Rules in Singledom!! ] Caption အဆုံး လုံးဝအချိုးပြေ။
ဘာလဲ နှုတ်ခမ်းကိုက်တာက .. ဒီ Caption ကရော ကျစ်! ကွာရှင်းတာမှ နှစ်ပတ်မပြည့်သေးဘူး၊ လုပ်ချင်ရာ လုပ်နေတာ!
Comment Section ထဲ ဝင်မဖတ်မိအောင် စိတ်ထိန်းနေသည့်ကြားမှ Repost လုပ်သွားသည့်တစ်ခုကို မြင်ဖြစ်အောင်မြင်လိုက်ရသေးသည်။