"ဒါလင် ဒီမာဖလာလေး မလှဘူးလား"
"လှတာပေါ့ ဘေဘီနဲ့ဆိုလိုက်မှာ"
"အဲဒါဆို ဒါလေးယူလိုက်မယ်နော် ဒါလင် ပြီးတော့ ဒီအရောင်လေးလည်း လိုချင်သေးတယ်"
"အိုခေပါဗျာ။ ဘေဘီ့သဘော"
မျက်စိရှေ့တွင် မြင်တွေ့ရသောမြင်ကွင်းကြောင့် ဟာအို အံတင်းတင်းကြိတ်လိုက်မိသည်။ ခပ်လှလှအမျိုးသမီးတစ်ယောက်၏ခါးပေါ်၌ လက်တစ်ဖက်တင်ထားသည့် ဆောင်းဟန်ဘင်းက ဆိုင်ပေါက်ဝ၌ရပ်နေသည့် ဟာအို့ကိုလည်း မြင်ပုံမရဘဲ ထိုအမျိုးသမီး၏မျက်နှာကိုကြည့်ပြီး ပြုံးရွှင်နေသည်မှာ မိုးမမြင်လေမမြင်။ ကိစ္စတစ်ခုရှိ၍ ရုံးသွားရမည်ဟုဆိုကာ အပြင်ထွက်သွားသူက စူပါမားကတ်တစ်ခု၌ ရောက်နေသည့်အကြောင်းအရင်းကို ဟာအို မေးနေစရာလိုမည်မထင်တော့။
"ဒီအတိုင်း သူငယ်ချင်းတွေပဲဖြစ်မှာပါ။ ဟျောင်း စိတ်အေးအေးထားပါဦး"
အတူပါလာသည့် ထယ်ရယ်က ဟာအို့လက်ကိုကိုင်ထား၍ နှစ်သိမ့်ပေးနေသော်လည်း လူမြင်ကွင်း၌ မြင်မကောင်းအောင် ပူးကပ်ပြီး ကျီစယ်နေကြသည့် မျက်စိရှေ့ရှိ နှစ်ယောက်အား ဟာအို ဆက်သည်းမခံနိုင်တော့။ ထို့ကြောင့် စိတ်ပူနေသည့် ထယ်ရယ့်အား လိုက်မလာရန် မှာထားခဲ့၍ ထိုနေရာသို့သွားရန် ဟန်ပြင်လိုက်ရာ ထယ်ရယ်က ပြန်ဆွဲထားသည်။
"နေပါဦး ဟျောင်းရယ်။ ဒီမှာ လူတွေအများကြီးရှိတယ်လေ"
"သူတို့တောင် ဒီလိုနေရာမျိုးမှာ မိုးမမြင်လေမမြင်ဖြစ်ရဲကြသေးတာပဲ။ ဟျောင်းကိုလွှတ် ထယ်််ရယ်"
"မဟုတ်သေးဘူးလေဗျာ ... "
ဟာအို ထယ်ရယ့်လက်ကိုဖယ်ချပြီး ရုန်းလိုက်တော့ ထယ်ရယ်က ပြန်ဆွဲသည်။ နှစ်ယောက်သား ဆိုင်ပေါက်ဝတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြရာမှ အရှိန်လွန်၍ ဘေး၌အလှဆင်ထားသည့် ရေတံခွန်အတုလေးပေါ်သို့ ဟာအို လဲကျသွားတော့သည်။
"အား!"
___ ♡ '・ᴗ・ '♡ ___
အေပရွန်တစ်ထည်ကို ခါး၌စည်းထားပြီး ညနေစာချက်နေသည့် ဆောင်းဟန်ဘင်း၏နောက်ကျောကိုကြည့်ရင်း ဟာအို ဘာကိုမကျေမနပ်ဖြစ်လို့ဖြစ်နေမှန်းမသိ။ နေ့ခင်းဘက် တရေးတမောအိပ်နေစဥ် မက်ခဲ့သည့် အိပ်မက်က ဤရက်ပိုင်း ကြည့်နေသည့် နာမည်ကြီး ဒရာမာဇာတ်လမ်းတွဲတစ်ခုအား စိတ်စွဲ၍မက်ခြင်းဖြစ်ကြောင်းသိသော်လည်း ဆောင်းဟန်ဘင်းကိုသာ မဆီမဆိုင် ထုရိုက်ပစ်ချင်နေမိသည်။