𝑭𝒓𝒐𝒎 𝒏𝒐𝒘 𝒐𝒏, 𝑬𝒗𝒆𝒓𝒚 𝒎𝒐𝒎𝒆𝒏𝒕 𝒘𝒊𝒕𝒉 𝒀𝒐𝒖_
ယနေ့မနက် Webio hot search ၌လူပြောများနေသည်က ကျန်းဟောင့်နှင့် ဆောင်းဟန်ဘင်းတို့၏ လမ်းခွဲသတင်းဖြစ်၏။
[Song Group CEO နှင့် ရုပ်ရှင်မင်းသား ကျန်းဟောင့်တို့ လမ်းခွဲလိုက်ကြပြီလား?]
သတင်းခေါင်းစဉ်အတွင်းမှ လူနှစ်ယောက်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လူတိုင်းက လမ်းခွဲသတင်းဆို မင်္ဂလာသတင်းထက် စိတ်ဝင်စားကြသည် မဟုတ်ပါလား? အထူးသဖြင့် လမ်းခွဲသည့် ကာယကံရှင်ထဲမှ တစ်ဦးက အနုပညာရှင်ဖြစ်နေခဲ့လျှင် ပိုပြီးတောင် သွားပုတ်လေလွှင့်ပြောလို့ကောင်းသေးတာလေ။
ဆောင်းပါးထဲ၌ ရေးထားသည်က ကျန်းဟောင့်ဟာလွန်ခဲ့သည်သုံးလလုံး ရိုမေးနီးယားဘက်သွားကာ ရိုက်ကူးရေးလုပ်နေစဉ် ဆောင်းဟန်ဘင်းက အချစ်သစ် ရှာတွေ့သွားပြီဟူ၍က တစ်ပုဒ်။ သုံးလကြာ LDRS ကြောင့် နှစ်ယောက်သား သွေးအေးသွားသည်က တစ်ပုဒ်။ နောက်တစ်ပုဒ်က သတင်းများကြား အရီရဆုံးဖြစ်ခဲ့၏။ ထိုဆောင်ပါးက ကျန်းဟောင့်ဟာ ဟောလိဝုဒ်မင်းသမီးတစ်ယောက်နှင့် ဒိတ်နေသည် ဆိုပြီးပြောထားတာဖြစ်သည်။
ထိုသတင်းများ၏ အစမှာ ဆောင်းဟန်ဘင်း douyin ပေါ်ရှိ ဗီဒီယိုတစ်ခုကို သဘောကျကြောင်း နှိပ်မိရာက စ၏။ ထိုဗီဒီယိုကို ဖန်တီးသူဟာ အချစ်ရေးနည်းနာအဖြာဖြာကို ဟာသနှောကာ အကြံပေးတတ်သည့် ရှောင်ယွီဆိုသူဖြစ်သည်။ သူ၏ပရိတ်သတ်များက ထိုလူ့ကို ငါးသေးသေးလေးလို့လည်းခေါ်၏။
ရှောင်ယွီမှာ အသက်လတ်ပိုင်း ခပ်ပြည့်ပြည့် ယောက်ျားတစ်ယောက်ဖြစ်ပြီး လုံးဝိုင်းနေသည့် ဗိုက်သားတွေက သူ၏ဆွဲဆောင်မှုဆိုပြီး ပြောလေ့ရှိသူဖြစ်သည်။ သမီးရည်းစားအချစ်ရေး၊ အိမ်ထောင်ရေး၊ အိမ်သူအားမြူစွယ်နည်း၊ ချစ်သူအမြဲချစ်အောင် ဆောင်ရန်ရှောင်ရန် မျိုးစုံသော ခေါင်းစဉ်များဖြင့် ဗီဒီယိုများ ရိုက်တင်လေ့ရှိပြီး လူတော်တော်များများက သဘောကျသလို ရလဒ်မှာလည်း ထိရောက်သည်တဲ့လေ။
ဆောင်းဟန်ဘင်း သဘောကျသည်ဟု နှိပ်မိလိုက်သည့် ဗီဒီယိုခေါင်းစဉ်က လူတစ်ယောက် ကိုယ့်အကြောင်းအမြဲစဉ်းစားနေစေဖို့ ဖြစ်ပြီး ထိုဗီဒိယို၏ရည်ရွယ်ချက်ကတော့ ပျက်လုနီးနီးဖြစ်နေသည့် အတွဲများအတွက် ရည်ရွယ်မှန်းသိသာလှပါသည်။