"မင်း ဒီမှာအိပ်လိုက် ခရမ်းလေး"
ဂျောင်ကုက ကုတင်ကိုလက်ညှိုးထိုးပြပြီးပြောတော့ ထယ်ယောင်းကအထူးအဆန်းဖြင့် မွေ့ယာအိအိကိုလက်ကလေးနဲ့ အသာသွားထိသည်။နူးညံ့လွန်းတဲ့အကောင်းစားမွေ့ယာကို နစ်ဝင်သွားတဲ့လက်ချောင်းလေးကြောင့် သဘောကျစွာရယ်မောပြီး ဂျောင်ကုဘက်ကိုချက်ချင်းလှည့်ကြည့်သည်။
"အသင်...ဒီနူးညံ့တဲ့အရာကဘာလဲ"
"မွေ့ယာလို့ခေါ်တယ်...အိပ်ရင်အသုံးပြုတဲ့ဟာ"
ဂျောင်ကုက အလုပ်စားပွဲပေါ်ကဖိုင်တွေကိုရှင်းရင်းပြန်ဖြေသည်။တအောင့်နေတော့ မေးခွန်းမေးသံမကြားတော့ပဲ တခစ်ခစ်ရယ်နေသံကြားတာကြောင့် လှည့်ကြည့်လိုက်တော့ မွေ့ယာပေါ်တက်ပြီး သားပိုက်ကောင်လိုခုန်ပေါက်နေတာကို မြင်ရသည်။
ဟူး...ငါ့စပရင်မွေ့ယာလေးတော့ ဒင်းကြောင့်အသစ်လဲရတော့မယ်ထင်တယ်။
"တိမ်စိုင်တွေလိုပဲ...ပျော်ဖို့ကောင်းလိုက်တာ"
ထူးထူးဆန်းဆန်းတင်စားတတ်ပုံတွေကို ဂျောင်ကု သက်ပျင်းချရင်းသာ ဒီအတိုင်းငေးကြည့်နေလိုက်သည်။မမောနိုင်မပန်းနိုင် ခုန်ပေါက်နေတဲ့ထယ်ယောင်းကတော့ အခုထိမရပ်သေးပင်။
"ကစားစရာမဟုတ်ဘူး...အိပ်ရမှာပါ...အရင်ကမသုံးဖူးဘူးလား"
ဂျောင်ကုကလက်ပိုက်ပြီးမေးတော့ ထယ်ယောင်းကခုန်နေတာကိုရပ်ပြီး အောက်ကိုပြန်ဆင်းလာသည်။
"နတ်ကျားဖြူတွေကအိပ်စရာမလိုအပ်ဘူး အသင်...ဒါ့ကြောင့်...လူသားတွေလိုမျိုးအိပ်တယ်ဆိုတာမသိဘူး...စားတယ်ဆိုတာရောပဲ...အခုမှအဲ့လိုခံစားဖူးတာ"
သက်ပျင်းထပ်ချသံက ဒီတစ်ခါလည်းဂျောင်ကုဆီကပင်။သို့သော် ခေါင်းတညိတ်ညိတ်လုပ်၍ ဗီရိုထဲကခေါင်းအုံးအပိုနဲ့စောင်ကိုယူ၍ ဆိုဖာပေါ်သွားတင်သည်။
"ငါဒီမှာအိပ်လိုက်မယ်...မင်းကအဲ့မှာအိပ်ပါ"
ထယ်ယောင်းကဂျောင်ကုပြောတာကို ခရမ်းနုရောင်မျက်ဝန်းလေးတွေဖြင့် တွေးဆဆလုပ်ပြီးနားထောင်သည်။