တိတ်ဆိတ်နေသော မှန်သားတွေနှင့်အိမ်ထဲတွင် လူနှစ်ယောက် ကုန်းကုန်းကွကွနှင့် အလုပ်ရှုပ်နေကြသည်။အတိအကျဆိုရလျှင် လူနှစ်ယောက်မဟုတ်ပဲ နတ်ကျားဖြူနှစ်ယောက်ဖြစ်မည်။ခရမ်းနုရောင်မျက်ဝန်းတွေနှင့်တစ်ယောက်က ကုတင်အောက်ကိုဝမ်းလျားမှောက်ဝင်ပြီး ရွှေချောင်းတွေကိုထုတ်ပေးနေသည်။မျက်ဝန်းပြာပြာနဲ့တစ်ယောက်ကတော့ ထိုရွှေချောင်းတွေကိုအဝတ်နဲ့ပတ်၍ ကျောပိုးအိတ်အနက်ထဲသို့ထည့်နေသည်။
"ရပြီငတုံးလေး...ပြန်ထွက်လာခဲ့တော့"
ထယ်ယောင်းကခေါင်းညိတ်ပြပြီး ဘောက်ဘတ်လေးလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ထွက်လာတော့ ဆော့ဂျင်က သူ့ညီတော်ခေါင်းကိုအုပ်ကိုင်ပြီး ကုတင်စောင်းနဲ့မထိစေရန်လုပ်ပေးသည်။
"သွားကြရအောင် ငတုံးလေး"
ညီအစ်ကိုနှစ်ယောက်လုံးသည် နက်စွေးသောဟူဒီခေါင်းစွပ်ဖြင့် အနက်ရောင်ဂျင်းပွပွကိုတွဲဝတ်ထားကြသည်။တစ်ကိုယ်လုံးမဲနက်နေကြပြီး ခေါင်းစွပ်အောက်က တစ်စွန်းတစ်ဆထွက်နေသော ဆံပင်ဖြူလေးတွေကိုသာမြင်ရသည်။ရွှေချောင်းတွေအပြည့်ထည့်ထားတဲ့ကျောပိုးအိတ်ကို ဆော့ဂျင်ကလွယ်၍ ထယ်ယောင်းလက်ကိုဆွဲပြီး ဟိုကြည့်ဒီကြည့်ဖြင့်ခြံပြင်သို့ထွက်လာသည်။မသိလျှင် သူခိုးလေးတွေအတိုင်းပင်။
"ကျစ်!...ငါ့ရွှေဦးနှောက်ကတော့"
အိမ်နဲ့ခပ်လှမ်းလှမ်းရောက်ခါနီးတော့ ဆော့ဂျင်ကတစ်ခုခုကိုသတိရသွားဟန်ဖြင့် မျက်ခုံးတွေကျုံ့ပြီး အိမ်ဘက်ကိုပြန်လျှောက်သွားတာမို့ ထယ်ယောင်းလည်းခပ်သုတ်သုတ်လိုက်သွားသည်။
"ဘာမေ့ခဲ့လို့လဲ အစ်ကိုတော်"
"မျက်နှာအုပ်တဲ့အရာ...ဟိုတစ်နေ့ကငတုံးလေးနဲ့အတူကြည့်တဲ့ဒရမ်မာဆိုတဲ့ဟာမှာ...ရုပ်ဖျက်ကြရင်သုံးကြတဲ့အရာလေ"
"အို...ဟုတ်သားပဲ...ညီတော်လည်းမေ့သွားတယ်"
လွယ်ကူလွန်းလှသော 1ချည်းပဲလေးလုံးထားထားသော တံခါး password ကိုနှိပ်၍ အိမ်ထဲကိုခပ်သုတ်သုတ်ဝင်လာကြပြီး နမ်ဂျွန်ဗီရိုထဲက အနက်ရောက်maskနှစ်ခုယူသည်။TVမှာမြင်ဖူးထားသည်မို့ ထို့အတိုင်းလိုက်တပ်ပြီးတာနဲ့ အချင်းချင်းခေါင်းညိတ်ပြ၍ တက်စီငှားရန် လမ်းထိပ်သို့ထွက်လာခဲ့ကြသည်။နဂိုတည်းက တစ်ကိုယ်လုံးနက်စွေးနေသောနှစ်ယောက်သည် အခုတော့မျက်လုံးလေးတွေပဲမြင်ရတော့တဲ့အထိ ရုပ်ဖျက်ခြင်းကိုအောင်မြင်သွားလေသည်။