လသာဆောင်မှာ နွားနို့ခွက်တစ်ခွက်နဲ့ထိုင်နေတဲ့ဂျောင်ကုမှာ အတွေးများနေသည်။မှန်သားတွေနဲ့ချည်းဆောက်ထားတဲ့အိမ်မို့ လသာဆောင်ကနေလှမ်းကြည့်ရင် အိမ်ထဲကိုထင်ထင်ရှားရှားမြင်နေရသည်။မီးဖိုချောင်ကနေ မုန့်ထုပ်တွေသယ်ပြီး ဧည့်ခန်းကိုအသွားအပြန်လုပ်နေတဲ့ အရူးညီအစ်ကိုက ခြေထောက်ကိုကားပြီးလမ်းလျှောက်နေတာကြောင့် ထူးဆန်းနေသည်။သိချင်တာရှိရင်ချက်ချင်းထမေးရမှကျေနပ်တဲ့လူမို့ ခွက်ကိုယူပြီးဧည့်ခန်းထဲသို့ပြန်ဝင်လာလိုက်သည်။
"အဲ့နှစ်ယောက်ဘာလို့ အဲ့လိုလမ်းလျှောက်နေတာလဲ"
ဆိုဖာပေါ်မှာကုပ်ကုပ်လေးထိုင်ပြီး ကျပ်ထုပ်ထိုးနေတဲ့နမ်ဂျွန်ကိုမေးလိုက်တော့ မျက်နှာမဲ့ပြီးခေါင်းခါပြသည်။အဲ့နဖူးစောင်းကဘုက ဘယ်လိုရသလဲမေးတော့လည်းမဖြေ။မဖြေလည်းသိပါတယ်။ဟိုမျက်လုံးပြာပြာနဲ့လူရဲ့လက်ချက်ပဲဖြစ်မှာ။အထုခံရတာတောင်နည်းသေးတယ်။ရေချိုးခိုင်းမယ်ဆိုပြီး ဘာသွားလုပ်လဲမှမသိတာ။
"အဟမ်း!"
Coco ကာတွန်းကားထိုင်ကြည့်နေတဲ့နှစ်ယောက်ကို မေးမလို့ချောင်းဟန့်လိုက်တော့ မော့တောင်မကြည့်။အာလူးကြော်နဲ့အအေးတွေသောက်စားပြီး TVကိုသာပြူးပြဲကြည့်နေကြသည်။
"အဟမ်း!...ခရမ်းလေး"
ထပ်ချောင်းဟန့်ပြီးခေါ်တော့မှ ခရမ်းလေးကလှည့်ကြည့်လာသည်။အာလူးကြော်အမှုန့်တွေကပ်နေတဲ့လက်ချောင်းသွယ်သွယ်တွေနဲ့ နှုတ်ခမ်းတစ်ဝိုက်မှာပေပွနေတာကြောင့် သက်ပျင်းချမိလိုက်သည်။အိပ်ခါနီးတော့ သေချာဆေးကြောပေးရဦးမှာပါလား?
"မင်းတို့ညီအစ်ကိုနှစ်ယောက်...ဘာလို့ခြေထောက်တွေကားပြီးလျှောက်နေတာလဲ"
ဂျောင်ကုမေးတော့ ထယ်ယောင်းနဲ့ဆော့ဂျင်ရဲ့လှုပ်ရှားနေမှုတွေ ခဏရပ်သွားသည်။မျက်နှာလည်းရဲတက်လာသည်။
"ဘာလို့လဲ...ရေချိုးရင်းချော်လဲထားကြလို့လား"
ထပ်မေးတော့လည်းမဖြေ။ထိုမေးခွန်းကို နမ်ဂျွန်လည်းသိချင်တာကြောင့် ကျပ်ထုပ်ထိုးနေတာကိုရပ်ပြီး ဖြေလာမှာကိုနားထောင်နေသည်။