ဖေးချမ့် 147+148
အခန်း(၁၄၇) ဘော့စ်ဖေးရဲ့ အမြင်ကို သံသယ မဖြစ်ရဘူး
ရှန်းယန်ဂိမ်း၏ ရုံးခန်းထဲတွင်...။
အခြေအနေက အနည်းငယ် တင်းမာနေ၏။
အားလုံးက ဘော့စ်အသစ် ရလာသဖြင့် လှပ သစ်လွင်သည့် စမှတ်တစ်ခုကို ရတော့မည်ဟု ထင်ခဲ့ကြသည်။ ဘော့စ်ဖေးဘေးတွင် အတူတူ အလုပ်လုပ်ပြီး၊ အကြံကောင်းများ ထုတ်ကာ၊ ဘယ်သူမှ မမြင်ဖူးသည့် ဂိမ်းမျိုးများကို ထုတ်လုပ်ပြီး စျေးကွက်ကို သိမ်းပိုက်ဖို့ မျှော်လင့်ထားကြ၏။ ကြည့်ရတာ ဒါတွေ တစ်ခုမှ ဖြစ်လာမည့်ပုံမပေါ်ပေ။
ဘော့စ်ဖေးက သူ့မျက်နှာကို လာပြသော်လည်း စကား ၁၀ ခွန်းအောက် ပြောပြီးနောက် ပြန်သွားပါသည်။
သူတို့ထဲက အတွေ့အကြုံ အရှိဆုံးလူ ဝမ်ရှောင်းပင်ကို အစီအစဉ်ရေးဆွဲသူချုပ်ရာထူးက ချလိုက်ပြီး နောက်ဆုံးမှ ကုမ္ပဏီကို ဝင်လာသည့် လူကို ရာထူးတိုးပေးလိုက်ပါသည်။ လတိုင်း ဘာအကြောင်းပြချက်မှ မရှိဘဲ လူတစ်ယောက်ကို အလုပ်ဖြုတ်ခွင့်တောင် ပေးထားခဲ့ပါသေးသည်။
ကုမ္ပဏီအတွက် အနာဂတ်အစီအစဥ်က ပို၍ပင် အဓိပ္ပာယ်မဲ့နေပါသေးသည်။ ပထမ ခြေလှမ်းက ၎င်းတို့၏ လက်ရှိဂိမ်းနှစ်ခုထဲက ဝယ်ယူနိုင်သည့်အရာအားလုံးကို ဖျက်သိမ်းပြီး တစ်ခုသာ ချန်ထာားဖို့ ဖြစ်သည်။ ဒုတိယ ခြေလှမ်းက ဂိမ်းအသစ်တစ်ခုအတွက် လူတိုင်း အစီအစဥ်ချပြဖို့ ဖြစ်သည်။
ဒါတွေကလွဲပြီး ဘော့စ်ဖေးမှာ တခြား အထင်အမြင်ကော အကြံဉာဏ်ကော မရှိပါ။ ဘော့စ်ဖေးကိုယ်တိုင် အလုပ်တိုင်းကို လုပ်ပါ့မလား။ မဖြစ်နိုင်ပါ။
ယဲ့ကျစ်ကျိုးကို ဘော့စ်ဖေး ပေးလိုက်သည့် အကြွင်းမဲ့အာဏာကို ကြည့်ခြင်းအားဖြင့် သူ အတော်ကြာ ပြန်လာမှာ မဟုတ်လောက်ပေ။ ယဲ့ကျစ်ကျိုးက သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာလိမ့်မည်။
ပထမတော့ အားလုံးက ရှန်းယန်ဂိမ်း သေရာမှ ပြန်ရှင်လာပြီး ဘဝအသစ်တစ်ခု စတင်ရတော့မည်ဟု ထင်ခဲ့သည်။ ချက်ချင်းဆိုသလို သူတို့ အခေါင်းထဲ ပြန်တွန်းခံလိုက်ရ၏။ ဘော့စ်ဖေးက အခေါင်းကို သံတွေနဲ့တောင် ရိုက်ပိတ်သွားသည့်ပုံပင်။
YOU ARE READING
သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်
Randomမိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်ပြောင်မြောက်သူ၊ ပါရမီရှင် ဖန်တီးသူ၊ ရာစုနှစ်၏ အမြော်အမြင်ရှိသူ။ ဤသည်မှာ ထန့်တကော်ပိုရေးရှင်း၏ ဥက္ကဌ ဖေးချမ့်အတွက် အသုံးပြုထားသော ဖော်ပြချက်...