သိပ်ထူးဆန်းသည်။Gyuvin သည် အလုပ်အကိုင်က လူလိမ်ကဝိဖြစ်သည်ကြောင့် ကြမ်းပိုးကို လိပ်ဖြစ်အောင်လည်း ပြောဖူးပြီ။
သို့သော် လက်ဖျောက်တစ်ချက်နှင့် အခုလို ညကြီးမိုးချုပ် Seoul ဆင်ခြေဖုံးရပ်ကွက်ကနေ Busan က Songjeong ကမ်းခြေကို ရောက်လာရခြင်းသည်ကား လူ့မျက်စိနဲ့ လိုက်မမှီ။ လူ့ဦးနှောက်နဲ့ နားမလည်။
ထူးဆန်းသည်။
မနီးမဝေးမှာ တပျပျ လင်းလက်နေသော မိုးမျှော်တိုက်တန်းတွေ။ နောက်ခံအနေနဲ့ စိမ်းညို့နေသော သစ်တောတန်းတွေကို တဖက်မှာ ထား၍ အေးသော ရာသီမှာ ရေငန်ကို ဖြတ်တိုက်လာသော နွေးနေသည့် ပင်လယ်လေ။ တကယ့်ကို လိုက်မမှီနိုင်။ လုံးဝ နားမလည်နိုင်။
ထူးဆန်းသည်။
ဒါတွေအားလုံးထက် ... .........
"ခွေ့ပင်း နာ နာနေလားဟင်"
Gyuvin ကို နာမည်တမျိုးနှင့် ခေါ်နေပြီး ရင်ခွင်ထဲမှာ ဖက်ထားသည့်အတိုင်း မလှုပ်မယှက်လေးကနေ မပီကလာပီကလာ စကားဆိုနေသော Ulzzang ။ စားသောက်ဆိုင်မှာ တွေ့ခဲ့ပြီး ပြန်ဆုံရဖို့ အာရုံမရှိခဲ့သော်လည်း Gyuvin ရဲ့ အိမ် (လို့ ယူဆရသော အမိုးထပ်) အထိ ရောက်လာခဲ့သော သူ့ကို အကြည့်ချင်းဆုံမိချိန်မှာ ဖိုးသိုးဖတ်သတ် ဖြစ်ရသော နှလုံးသား။
ဒါ ထူးဆန်းသည်။
အထူးဆန်းဆုံးပါပေ။မွေးကတည်းကပင် ငွေကြေးအတွက် လုံးပမ်းနေရသော မိသားစုမှာ မောင်နှမနှစ်ဦးတည်း ကျန်ရစ်ပြန်တော့လည်း ကင်မ်ချီတောင် နတ်သုဒ္ဓါလို့ မှတ်ရသည့် ဘဝဖြစ်ခဲ့သည့် Gyuvin ။ သိပ်ချစ်ချင်စရာ မကောင်းသော တစ်ဦးတည်းသော အစ်မဖြစ်သူကလည်း ဘယ်လိုမှ မထင်ရသည့် နှလုံးရောဂါသည်။ Gyuvin အတွက် တွေးပေးပြီး သူမသည် ကြံ့ခိုင်ပုံပေါက်အောင် လူကြမ်းမအလားနေပြသော်လည်း တစတစ ကျန်းမာရေးအခြေအနေက အဆိုးဘက်သို့ ဦးတည်လျက်။
ဒီလို Gyuvin အနေနှင့် အချစ် ဆိုသော လူကုံထံတို့ အပျင်းပြေ ခံစားနိုင်သည့် အပိုဆုကို ဘေးချိတ်ပြီး ရင်ခုန်သည်ဆိုတာကဖြင့် အကြွေးရှင်ထံကသာ လက်ခံရဖူးသည်လေ။