Gyuvin သည် သူ့ကို တွန်းဖယ်ပြီး ပြေးဖို့ စိတ်ပင်မကူးမိ။ အဲ့ဒီအစား နာကျင်ခံစားနေရသော သူ့ကို ❝မာဂွီ❞ ကို Ricky ကို ဘာလုပ်ပေးရမလဲ ဘယ်လိုလုပ်မှ သူသက်သာရာ ရမလဲ ပူထူစွာ တွေးနေမိစဉ်။
"ဟို ......... တခုခု ကူညီပေးရမလား"
အနားသို့ ရောက်လာသော စုံတွဲ။ သူတို့အမြင်မှာ နေမကောင်းသလို ဖြစ်နေမည့် Ricky နှင့် တစ်ဦးတည်း ကူရာမဲ့နေသလို Gyuvin ကို လမ်းလျှောက်နေရင်းကနေ မသိချင်ယောင်ဆောင်ပြီး ကျော်သွားဖို့မှာ အလွန်ပင် စိတ်သဘောကောင်းကြပုံ ရသော စုံတွဲ။
"ဒီက အစ်ကို ဆေးရုံတွေဘာတွေ သွားဖို့လိုမလားလို့"
အားနာနာနှင့် မရဲတရဲ ပြောသော အမျိုးသား။ တချိန်တည်းမှာ Gyuvin ရဲ့ ရင်ခွင်ထဲ ပြေးဝင်ပြီး အင်္ကျီရင်ဘတ်ကို နောက်ဆုံးကောက်ရိုးတမျှင်အလား ဆုတ်ကိုင်လိုက်သော Ricky ။ အသက်ရှူသံတွေ မမှန်နေသော သူ့ပုံစံလေးက Gyuvin ကိုလည်း အတွေးတွေ ပိစေသည်။
ဆေးရုံ သွားသင့်သလား။
ဒါမှမဟုတ်
ဘုန်းကြီးကျောင်းလား။ဒါပေမယ့် Ricky က ❝မာဂွီ❞ ပေ။
မတော်လို့ သူ့ကို ငရဲ တန်းပို့လိုက်ကြရင် ......."ငါ ဆေးရုံမသွားဘူး ဘယ်မှ မသွားဘူး သူတို့ကို သွားခိုင်းလိုက်ပါ နော် နော်"
Gyuvin ရဲ့ ဝေခွဲမရနိုင်ခြင်းကို သူ့အသံ တိုးတိုးလေးက နှိုးသည်။ Gyuvin ကို မျက်နှာချင်းဆိုင်ထားသော်လည်း မြင်မနေသလို နီရဲပြီး သွေးရည်ကြည်တွေ အိုင်ထနေသော သူ့မျက်ဝန်းများက အသနားခံနေသည်။
"ကျွန်တော်တို့ အဆင်ပြေပါတယ် ကျေးဇူးပါနော်"
Gyuvin ပြောလိုက်တော့ စုံတွဲသည် မယုံသလို။ အခြေအနေကလည်း ယုံချင်စရာမကောင်း။ Ricky က ဗိုက်ကလေး ဖိထားရင်းကနေ ယိုင်ပြီး သဲပြင်ပေါ် လဲကျမလို ဖြစ်နေသည်လေ။ Gyuvin ထိန်းပေးထားသော ပွေ့ဖက်မှုထဲမှာ လူးလွန့်နေပြီး သူ့ရဲ့ ညည်းညူသံတွေသည် ကြမ်းတမ်းလာသည်။
"အားမနာနဲ့နော် ကျွန်မတို့ ကားလည်း ပါပါတယ် ဆေးရုံသွားဖို့ လိုတယ်ဆိုရင်_
"မလိုဘူးလို့ ပြောနေတယ်လေ !!
ထအော်သော Ricky ။ နားအူစေသော စီခနဲ အသံသည် လူသာမန်မဟုတ်ကြောင်း သိသာစွာ။ လှိုင်းတွေကို ကြိမ်နှုန်းညှိလိုက်သလို နဂါးပွက်သည့်အလား ပင်လယ်ပြင်။ လေထုကို ဓာတ်သတ္တိပြောင်းလိုက်သလို ချော်ရည်ပူနေသည့်အလား ကမ်းခြေသဲပြင်။