တောက်ပနေစွာရှိနေတဲ့အလင်းရောင်က ရုတ်တရက် စက်ဝိုင်းလေးတစ်ခုလို သေးငယ်လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အရာအားလုံးက အမှောင်ထုနဲ့ပဲပြည့်နှက်သွားသည်။ ထပ်ပေါ်လာတဲ့အလင်းရောင်ကလည်း ညအမှောင်ထဲက မီးပန်းလိုမျိုးပဲ နောက်ဆုံးမှာ ပျောက်ကွယ်သွားပြန်သည်။ သူ့ရဲ့ပတ်ဝန်းကျင်က လေထုတစ်ခုလုံးက အေးခဲပြီး တိတ်ဆိတ်လျက်။ ခပ်ပြင်းပြင်းအသက်ရှူသံတစ်ခုကိုပဲ ကြားနေရပြီးနောက်မှာတော့ သူ့ရှေ့မှာရှိနေတဲ့အရာအားလုံးဟာ တစ်ဖန်ပြန် ဝေဝါးသွားခဲ့ပြန်သည်။
....
လူငယ်လေးရဲ့မျက်လုံးတွေက ဝေဝါးနေပေမယ့်လည်း သူရောက်နေတဲ့ပတ်ဝန်းကျင်ကို အရမ်းကိုရင်းနှီးကျွမ်းဝင်နေပြီ။ လေထုအခြေအနေက စိတ်ဓာတ်ကျစရာကောင်းနေပြီး သူကတော့ ဒါတွေကို ဂရုစိုက်မနေချင်တော့ဘူး။ မျှော်လင့်ချက်မှမရှိတာလေ။ ဆရာဝန်က သူ့ကို အစကတည်းက ကုသပေးနေတာဖြင့်ကြာနေပြီ။ တစ်နေ့ထက်တစ်နေ့ သူ့အမြင်အာရုံတွေက မတိုးတက်လာဘဲ ပိုပဲ ဆိုးလာသည်။
" လူနာရဲ့နာမည်က Danaiyanat Koprannaphakun ဟုတ်တယ်နော်။ "
ရင်းနှးပြီးသားအသံတစ်ခုက အတည်ပြုသလိုမေးလာတော့
Day ခေါင်းသာ ငြိမ့်ပြလိုက်သည်။" မျက်လုံးစပ်သပ်တာနဲ့အမြင်အာရုံစစ်ဆေးမှုတွေအရ ကျွန်တော်တို့အမြင်မှာတော့ အခြေအနေက တိုးတက်မှုမရှိပါဘူး။ လူနာရဲ့မျက်လုံးက နောက်ဆုံးတစ်ခေါက်စမ်းသပ်တုန်းကထက် ပိုဆိုးလာတယ်။ အရမ်းကြီးတော့ မစိုးရိမ်စေချင်ပါဘူး။ စိတ်ကိုငြိမ်ငြိမ်ထားပါလို့တော့ ကျွန်တော်အကြုံပြုချင်တယ်။ "
ဆရာဝန်ကစကားတွေ ပြောနေပေမဲ့ Day အတွက်ကတော့ ဆရာဝန်က ဘယ်လိုပုံစံရှိလဲဆိုတာတောင် မှတ်မိဖို့ ပိုခက်လာပါပြီ။ သူမြင်ရသမျှက ဝေဝါးလျက်။ ဘေးပတ်လည်က ကမ္ဘာကြီးတစ်ခုလုံးကို ရေလိုက်ကာတစ်ခုနဲ့ ပိတ်ကာထားသလိုမျိုးပဲ။ တကယ်လို့ သူသာ ပိုပြီးရှင်းရှင်းလင်းလင်းမြင်ချင်တယ်ဆိုရင် အနီးအနားကို တတ်နိုင်သမျှ ကပ်ပြီးကြည့်ရသည်။ ဒါပေမယ့် Day က ဒီလိုလုပ်ရတာကို မကြိုက်ပါဘူး။ ကြိုတင်ကောက်ချက်တစ်ခုအဖြစ်ပဲ ရှိသေးတာတောင်မှ အဲ့တာက သူစိမ်းတစ်ယောက်ကို 'ကျွန်တော့်မျက်လုံးက တစ်ခုခုဖြစ်နေပါတယ်'လို့ လိုက်ပြောနေသလိုပဲလေ။ အချိန်ကြာမြင့်စွာဖြစ်ခဲ့တဲ့မျက်ကြည်လွှာရောင်ရမ်းမှုက တစ်နှစ်ပတ်လုံး သူ့ရဲ့အမြင်အာရုံကို ထိခိုက်စေခဲ့တာ။ ကြာလေပိုဆိုးလေပဲ။