" အစ်ကို ကျွန်တော်ကြည့်ကောင်းနေပြီလားလို့ ကြည့်ပေးပါဦး။ "
Day ရဲ့အမေးက တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သည်။ ဒီမနက်မှာပဲ August က အချိန်နဲ့နေရာကို ဖုန်းဆက်ပြီး အတည်ပြုလာသည်။ အရင်လိုပြဿနာတွေမကြုံရအောင် သူချိန်ထားတဲ့နေရာကို စောလာမည်ဟုလည်းပြောသေးသည်။ သူတို့အရင်ကသွားခဲ့တဲ့စားသောက်ဆိုင်ကိုတော့ ကြိုတင်နေရာမှာယူလို့မရတာကြောင့် မသွားဖြစ်တော့။ အဲ့တာနဲ့ August က သူတို့သွားဖူးနေကျ bar လေးတစ်ခုပဲရွေးခဲ့သည်။ နေရာကသေးပြီး ဆိုင်ရှင်ကလည်း ဖော်ရွေသည်။ လူလည်း အရမ်းကြီးမရှုပ်တဲ့နေရာဖြစ်သည်။
" မင်းကြည့်ရတာ ပထမဆုံးဒိတ်လုပ်မယ့် ဆယ်ကျော်သက်ကျောင်းသားလေးကျနေတာပဲကွာ။ "
Mhok က စနောက်လိုက်သည်။
" အိုးး အစ်ကို ...
ကျွန်တော့်ကို မစပါနဲ့။ "Day ရဲ့မျက်နှာလေးက ရဲတက်လာသည်။
" Day .. မင်း အင်္ကျီရဲ့အနားစကို ပြင်နေတာ အခါနှစ်ဆယ်မကတော့ဘူးနော် ။ ဒီထက်ပိုလာရင် ငါမင်းကို ပေတံပဲယူပေးလိုက်တော့မယ်။ "
" တကယ်ကြီး ပေတံနဲ့တိုင်းရမလိုဖြစ်နေပြီ။ ကျွန်တော် တအားစိတ်လှုပ်ရှားနေတာ အစ်ကို သိသားနဲ့။ "
" August ကျွန်တော့်ကို တစ်ခုခုပြောမယ်လို့ အစ်ကိုထင်လား။ တကယ်တော့ August ဖုန်းဆက်တုန်းက တစ်ခုခုကထူးဆန်းနေသလိုပဲ။ သူ့အသံက ပုံမှန်မဟုတ်ဘူး။ "
Day က ပွင့်ပွင့်လင်းလင်းပဲပြောသည်။
" မူမမှန်ဘူး ? ဘယ်လိုမူမမှန်တာမျိုးလဲ။ "
" ကျွန်တော် ခံစားလို့ရတယ် အစ်ကိုရ။ ဒါပေမယ့် အဲ့တာကို ဘယ်လိုရှင်းပြရမလဲ မသိတာ။ "
Day က ရှက်ရွံ့ဟန်နှင့် ပြောသည်။ အစတုန်းက သူရှက်နေပေမယ့် အခုတော့ သူ့ကိုယ်သူ ပိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာပြီထင်သည်။
Mhok က ပြုံးနေပေမယ့် ဘာမှတော့မပြော။
အဲ့ဒီနေ့က အဖြစ်အပျက်ကို အလုံးစုံသေချာမသိပေမယ့်လည်း Day က August ကို သူတက်နိုင်သလောက်ကြိုးစားနားလည်ပြီး ခွင့်လွှတ်နိုင်သွားပြီဖြစ်သည်။