ကားထဲမှာ သီချင်းသံတိုးတိုးက ပျံ့လွင်နေသည်။ လူငယ်လေးနှစ်ယောက်ဟာ ၁၉၉၀ ခုနှစ်ကသီချင်းတွေရဲ့ စီးချက်အတိုင်း လိုက်ညည်းဆိုနေကြသည်။ Mhok က သူ့အစ်မချန်ထားခဲ့တဲ့ တစ်ပတ်ရစ်ကားလေးအတွက် အရစ်ကျငွေပေးချေဖို့အတွက် လာတာကို Day က အဖော်လိုက်ပေးခဲ့တာ။ ဘတ်ထရီမသေသွားအောင် ကားကို ခနမောင်းကြည့်ဖို့ တောင်းဆိုပြီးနောက်မှာတော့ နှစ်ယောက်သားက နေမဝင်ခင်အချိန်အထိ ခနလျှောက်လည်ဖို့ဆုံးဖြတ်လိုက်သည်။ ဒီတစ်ခေါက်မှာတော့ Day ရဲ့အမေဆူမှာကို စိတ်ပူဖို့မလိုတော့ပါဘူး။ စာချုပ်စာတမ်းကိစ္စတစ်ချို့ စီစဉ်ဖို့အတွက် သူ့အမေက မီလန်ကို သွားပြီမို့လေ။
" Day သွားချင်တဲ့နေရာရှိလား ? နီးနီးနားနားတော့ ဖြစ်မှရမယ်။ အဝေးကြီးသွားလို့ ကြာနေရင် အစ်ကိုတို့ထွက်ပြေးသွားပြီလို့ မင်းအစ်ကိုထင်နေလိမ့်မယ်။ "
မီးပွိုင့်နီသွားတဲ့အချိန်မှာ Mhok က ကားကို ရပ်လိုက်ပြီးနောက် သူ့ကို လှည့်မေးလာသည်။
သူ၏အမေးကို Day က ခေါင်းအသာခါလိုက်ရင်း ထူးထူးခြားခြားသွားချင်တဲ့နေရာမရှိဘူးလို့ ဖြေလိုက်သည်။ ပြောရရင် ဟိုတစ်ခေါက်ထွက်ပြီးကတည်းက သူအပြင်ထပ်မထွက်ဖြစ်ခဲ့ဘူး။ သူ အပြင်ကိုမထွက်တာ အရမ်းကိုကြာသွားပြီဖြစ်တဲ့အတွက် သူ့မှာ ထွေထွေထူးထူး တစ်နေရာကိုသွားချင်တယ်ဆိုတဲ့ခံစားချက်မျိုးမရှိတော့ဘူး။ မီးပွိုင့်စိမ်းသွားတဲ့အချိန်မှာတော့ Mhok က ကားကို အရှိန်ပြန်တင်လိုက်သည်။
အဲ့ဒီအချိန်မှာ အနောက်ဘက် သူတို့နဲ့သိပ်မဝေးလောက်တဲ့နေရာဆီကနေ ဟွန်းသံအကျယ်ကြီးကို ကြားလိုက်ရသည်။
ဟွန်းတီးသံက တောက်လျှောက်ထွက်နေပြီး ရပ်မယ့်ပုံမပေါ်တာမို့ Day စိတ်တိုကာ မျက်မှောင်တောင်ကျုံ့လိုက်မိသည်။" အစ်ကို ! ကျွန်တော်တို့ ယာဉ်စည်းကမ်း တစ်ခုခုများ ဖောက်ဖျက်မိလို့လား။ ဘာလို့ နောက်ကားက ဟွန်းဆက်တိုက်တီးနေရတာလဲ။ "
" မလုပ်မိပါဘူး။ အစ်ကိုလည်း ပုံမှန်အတိုင်းပဲ မောင်းနေတာ။ ဒါပေမဲ့ နောက်ကားက တောက်လျှောက်အနောက်ကနေလိုက်လာပြီး ဟွန်းတီးနေတာ။ အစ်ကိုတို့ကားနောက်ဖုံးများ သေချာမပိတ်ထားမိလို့လား။ ရပ်ပြီး စစ်ကြည့်မှထင်တယ်။ "