UNICODE
“အဖျားကတော့ မရှိဘူး ..။ညဘက်တွေ အိပ်မပျော်လို့ ဖြစ်တဲ့လက္ခဏာတွေပဲမို့ စိတ်မပူလည်းရတယ်”
Stethoscope ကိုပုခုံးပေါ်သိုင်းတင်ပြီးနောက် ဂျီဟွန်းက အဖျားမရှိတာကိုပဲ အဓိက ထား၍ပြောသည်မို့ ဂျယ်ဟျော့မှာ ခုမှပဲ စိတ်လျှော့နိုင်တော့သည်။
“ကိုကို ဆေးသွင်းရမဲ့ ရက်က ..
ဘယ်တော့လဲဒေါက်တာပတ်ခ်?”“ရက်အတိအကျတော့ မသိရသေးဘူး။ဂျယ်ဟျော့ရဲ့ ကျန်းမာရေးက ကောင်းနေပြီလေ .. မသွင်းရင်တောင်ရမှာပါ”
ဂျီဟွန်းက ဟာရူတို့ဘက်ကို လှည့်မကြည့်ဘဲ ဂျယ်ဟျော့ကို စိုက်ကြည့်ရင်းသာ အမေးကို ဖြေသည်။ဟာရူတိုကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ သက်ပြင်းချပြီး-
“ကျွန်တော် စိတ်ပူလွန်သွားတာဖြစ်မယ်”
“ကိုယ်ပြောသားပဲ ဟာရူ ..”
တီ တီ တီ
“ဒါဆို ကျွန်တော် ဖုန်းသွားပြောလိုက်ဉီးမယ်။စကားပြောနှင့်ကြဉီး”
ဟာရူတို အခန်းပြင်ထွက်သွားပြီးနောက် ဆေးသေတ္တာကို သိမ်းနေသည့် ဂျီဟွန်းက တိုးလျစွာပဲ သက်ပြင်းချသည်။ကုတင်ဘေး၌ ရပ်နေသည့် ဂျွန်ဂယူကလည်း ခုတော့ ဂျယ်ဟျော့၏ ကုတင်အစွန်း၌ ၀င်ထိုင်လေသည်။
“သွေးက အမြဲပါနေတာလား ဂျယ်ဟျော့? ။ ဟွန်း ပြောပြလို့ ငါသိပြီးပြီ ဆိုပေမယ့် ..”
“စိတ်မပူပါနဲ့ ဂျွန်ဂယူ။ငါက သန်မာပါတယ်”
မျက်နှာလေးညှိုးကျသွားသည့် ဂျွန်ဂယူကြောင့် ကုတင်ခေါင်းရင်းကို မှီနေရင်းမှ ဂျယ်ဟျော့က ဖြောင်းဖျလိုက်သည်။အတွင်းသိအဆင်းသိ ဂျီဟွန်းကတော့ ဘာမှမပြောဘဲ ငြိမ်၍သာထိုင်ကြည့်နေသည်။
“ငါသာ ကြိုမစီစဉ်ထားမိရင် .. မင်းတော့ .. ဟူး”
လေပူတွေကို မှုတ်ထုတ်ပြီးနောက် မာန်မဲသလိုပြောလာသည့် ဂျီဟွန်းကလည်း ဂျယ်ဟျော့ကို စိတ်ပူနေမှာ ကျိန်းသေဖြစ်သည်။မိမိထက် ပိုပြီး နွမ်းလျနေသည့် သူငယ်ချင်းတွေကြောင့် ဂျယ်ဟျော့မှာ ပြောဖို့စကားတွေတောင် ပျောက်ရှနေပြီဖြစ်သည်။