၁၉၈၃၊မတ်လ ၁၆ရက်၊ ကြာသပတေးနေ့။
အချိန်တွေတရစ်ရစ်ကုန်ရင်း နွေ၊မိုး၊ဆောင်းရာသီသုံးပါးဟာလည်း သူ့ရာသီနဲ့သူလည်ပတ်နေသည်။ ခုဆိုအေးရိပ်ကိုတစ်ယောက် တက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲလည်းပြီးဆုံးသွားပြီ။ မနက်ခြောက်နာရီရထားနဲ့ တရွေ့ရွေ့လာတော့ မနက်ဆယ်နာရီဆိုဆင်းရမည့် ဘူတာကိုရောက်သည်။ ဘူတာရှိရာနီးစပ်ရာမြို့မှဆင်းပြီး ကျုပ်ရွာကို အိမ်က လာကြိုခိုင်းထားသည့်ဘကြီးစော နွားလှည်းနဲ့ဆက်လက်ချီတတ်ရအုန်းမည်။ ကျုပ်နေသည့် ညောင်ပင်ဦးရွာကိုရောက်ဖို့ ထန်းတပင်ရွာကိုဖြတ်ရသေးသည်။ ထန်းတပင်ရွာနှင့်ညောင်ပင်ဦးရွာအကြား နွေဦးရောက်ခါစမို့ လက်ပံပင်ပေါ်ကနီနီရဲရဲလက်ပံပွင့်တွေဟာလည်း တမေ့တမောငေးနေစရာပင်။ လှည်းလမ်းတစ်လျှောက် ဖုန်တွေကလည်းအရင်ကလို ခြေသလုံးလောက်ပင်မြုပ်လုနီးနီးပါ။သို့ပင်မဲ့ ဘယ်အရပ်ဆီပဲရောက်ရောက် သူဒီရွာနဲ့ဒီအငွေ့အသက်တွေကိုမေ့လို့ရမည်မဟုတ်။
အနီးပတ်ဝန်းကျင်ရွာလေးရွာမှာတော့ ကျုပ်တို့ညောင်ပင်ဦးရွာက လယ်ယာလုပ်ငန်းအဆင်ပြေဆုံး အိမ်ခြေအများဆုံးရွာဖြစ်သည်။ ထန်းတပင်ရွာနှင့်ညောင်ပင်ဦးရွာက ကျန်ရွာများထက်နီးသည်။လမ်းလျှောက်သွားရင်တောင် ဆယ့်ငါးမိနစ်မျှသာကြာလိမ့်မည်။ ဘကြီးစောနဲ့ရွာအကြောင်းပြောပြီး ဘေးကရှုခင်းတွေငေးရင်း ရွာနားရောက်မဲ့မလှမ်းမကမ်းမှာ လုံမပျိုတစ်ယောက်ကို ယောက်ျားသုံးယောက်လောက်ဝိုင်းစကားပြောနေကြသည်။ ကြည့်ရတာတော့မဟန် ထိုယောကျ်ားသုံးယောက်ဟာ ထန်းရည်မူးနေပုံရသည်။ ဘကြီးစောက အသက်ကြီးနေပြီမို့ ခပ်လှမ်းလှမ်းကအဖြစ်အပျက်ကို အသေအချာမြင်မည်မဟုတ်။သို့သော်အေးရိပ်ကိုကတော့ လူငယ်ပီပီထိုမြင်ကွင်းကို ထင်းလင်းစွာမြင်သည်။
မနေသာသည့်အဆုံးမှာလှည်းပေါ်က ခုန်ဆင်းလိုက်ပြီး ထိုလူတွေရှိရာကိုလျှောက်သွားလိုက်သည်။"ကိုယ့်လူတို့ ဘာများဖြစ်ကြသလဲ။ "
ထိုလူထဲမှတစ်ယောက်က မည်သူမည်ဝါဆိုတာမကြည့်ပဲ။"နေစမ်းပါ။ ကျုပ်ဒီလုံမကိုချစ်ကြောင်းတွေ
ပြောနေတာ။ "
အေးရိပ်ကိုကဟန်ပါပါလက်ပိုက်လိုက်သည်။