" ညိုလှသက်ရေ ဒီမှာဟိုဖက်ရွာကအမဲပေါ်လို့ အဘပေးခိုင်းလိုက်တာ။ "
ခြံဝမှနှီးယက်ခမောက်ကိုဆောင်းကာ ပုဆိုးကိုဒူးလောက်ခပ်တိုတိုဝတ်ထားသည့် ဘကြည်၏အော်ပြောသံဖြစ်သည်။ ညိုလှသက်ပါးစပ်က ဘာမှမပြောပင်မဲ့ စိတ်ထဲတွင်တော့ ကျစ်တစ်ချက်သတ်လိုက်မိသည်။ဘကြည်အိမ်အောက်ထပ်သို့ဝင်လာပြီး အေးရိပ်ကိုကိုတွေ့သွားဟန်ရှိသည်။
"အော်။ အေးရိပ်ကိုလည်းရောက်နေပလား။ ဒဏ်ရာသက်သာရဲ့လား။ "
"သက်သာပါပြီကွ။ မင်းခုဘယ်သွားစရာရှိသေးလဲ။ "
"မရှိပါဘူး။"
"ငါနဲ့ ထန်းတပင်ဖက်ခဏသွားကြမလား။"
"ရိပ်နဲ့ဘကြည်စကားပြောနှင့်ကြအုန်းနော်။ ဒါတွေနောက်ဖက်ထားချီအုန်းမယ်။"
ညိုလှသက်ကမီးဖိုခန်းထဲဝင်သွားပြီး ဘကြည်ကအေးရိပ်ကိုရဲ့ မနီးမဝေးနေရာလောက်မှာ ထိုင်ချလိုက်သည်။
"သွားလေခုသွားမို့လား။ "
"အေးခု။ သက်ရေရိပ်ဟိုဖက်ခနသွားအုန်းမယ်။ "
အေးရိပ်ကိုအော်ပြောသည့်စကားသံအဆုံး ညိုလှသက်ကနှီးယက်ခမောက်တစ်ခုကိုယူကာ သူတို့ရှိရာအိမ်ရှေ့ခန်းသို့ထွက်လာသည်။
"ရော့ဒါလေးဆောင်းသွား။ အပြင်မှာအပူရှိန်ပြင်းတယ်။ "
ညိုလှသက်လှမ်းပေးသည့်ခမောက်ကိုလှမ်းယူလိုက်သည်။
"သက်ပြောစရာရှိတယ်ဆိုပြောအုန်းလေ။ "
"သွားစရာရှိတာသွားလိုက်အုန်း။နောက်ကျပြောမယ်။ "
အေးရိပ်ကိုမှဟုတ်ပြီဆိုသည့် သဘောဖြင့်ခေါင်းလေးညှိတ်ကာ ဘကြည်နဲ့အတူခြံထဲမှထွက်သွားလေကြသည်။ နောက်တွင်ကျန်နေရစ်သည့် ညိုလှသက်မှာတော့ကျောပြင်လေးကိုကြည့်ကာ ခပ်ရေးရေးလေးပြုံးလိုက်သည်။ အေးရိပ်ကိုဆိုသည့်လူမျိုးက သူလုပ်ချင်လျှင်တား၍ရမည့်သူမျိုးမဟုတ်တော့ အန္တရာယ်မဖြစ်အောင်သာ အတတ်နိုင်ဆုံး ကူညီပေးရမည်မလား။
"ရိပ်ဘာပဲလုပ်လုပ် သက်ပါရမီဖြည့်ဖက်ဖြစ်ပရစေ။ "