"ဟိတ် .. ဝလုံးလေး"
အေးချမ်းတိတ်ဆိတ်နေတဲ့ ဆောင်းမနက်ခင်းစောစောမှာ အသံကြည်ကြည်လင်လင်လေးက ခပ်တိုးတိုး ထွက်ပေါ်လို့နေသည်။
"ကလေးလေး .. အိပ်ရာထတော့လေ"
စောင်ခြုံထဲမှာကွေးနေတဲ့ ကောင်ကလေးကို ခြင်ထောင်အပြင်ဘက်မှနေ၍ ခပ်တိုးတိုးလေသံနှင့် သူနှိုးနေသော်လည်း ထိုကလေးမှာ အိပ်မောကျနေဆဲ။ မနေ့ည စာကျက်ချိန်က ခါတိုင်းထက်နောက်ကျသွားတာကြောင့်ဖြစ်မည်ဟု သူတွေးလိုက်မိသည်။
မနှိုးလို့ကတော့ မရ။ ဒီနေ့ကျောင်းမှာ Test ဖြေစရာရှိသည်ဟု ညည်းညည်းညူညူပြောသံလေးကို တစ်ဖန်ကြားယောင်လာတော့ မနက်ခင်းစောစောမှာတင် သူ့ကို အပြုံးပန်းတို့ဝေစေခဲ့ပြန်သည်။
ခြင်ထောင်ကို သေသေချာချာလေး ထုပ်ပိုးသိမ်းဆည်းလိုက်လေတော့ လောလောလတ်လတ်ဝင်လာခဲ့တဲ့ လေအေးတွေကြောင့် နှုတ်ခမ်းလေးဆူကာ မျက်မှောင်ကျုတ်ရင်း ဆက်ကွေးဖို့ ဟန်ပြင်နေသည့် ဝလုံးလေး။ ညိမ်းခေါင် အသံထွက်သည်အထိ ရယ်လိုက်မိတော့သည်။
ခြင်ထောင်ရယ်၊ ခြေရင်းကိုကန်ချထားသည့် ဖက်ခေါင်းအုံးရယ်ကို နေရာတကျစီထားလိုက်ပြီး ထိုကလေးလေးဘေးသို့ အသာကပ်သွားကာ ဖောင်းနေသည့်ပါးကလေးကို လက်ညိုးလေးနှင့်အသာထိလိုက်လေတော့ အင်း အဲ အော်ကာ တစ်ဖက်သို့လှည့်သွားပြန်သည့် အဆိုးလေး။
"ထပြီးတော့ ရေချိုးလိုက်ပါလား လန်းသွားအောင်လေ .. ဟင် .. ကိုယ် ရေနွေးတည်ပေးထားတယ် အဆင်သင့် ချိုးရုံပဲ"
"ခဏလောက် .. ငါးမိနစ်"
အိပ်ရာနိုးခါစမို့ အစ်တစ်တစ်အသံလေးက တကယ်ကိုမှ ဖျော့ဖျော့လေး ... ညိမ်းခေါင် တစ်ချက်ရယ်သွမ်းလိုက်ရင်း ..
"ဟင်း .... ဒါဆိုရင် ကိုယ်ကတော့ ရေနွေးကို အစကပြန်တည်ရတော့မှာပဲကွာ"
သူ့ကလေးလေးရဲ့ စိတ်အခြေအနေကို သူသာ အသိဆုံးမို့ ဒီလိုကိစ္စများနှင့်သာ ညိမ်းခေါင်က ကိုင်ပေါက်လေ့ရှိသည်။ ညိမ်းခေါင်ကို အလုပ်ပိုစေမှာ၊ အလုပ်ရှုပ်စေမှာကို သဘောမကျလွန်းတဲ့ အလိုက်သိတဲ့ ကလေးလေးကို ရထားတော့လည်း ဒီလိုလေးတော့ သူက ဂျစ်တူးလုပ်ရသေးသည်။
YOU ARE READING
မျက်ဝန်းညိုမှာ ပန်းတွေဝေတဲ့အခါ ...
Romanceကျွန်တော့် ချစ်မေတ္တာတွေအားလုံးက ကိုကို့အတွက်ပါ။ ညိမ်းခေါင်ဝေ + ခရာဝန်း