1K 54 0
                                    

သင်တန်းနားရက် မှော် မန္တလေးသို့ပြန်လာခဲ့သည်။
ဒီနေ့ မနက်စောစောထဲက သူမနှင့် ကြီးမေက လွဲ၍ အိမ်ရှိလူကုန် အလုပ်ရှုပ်နေကြသည်။
အထူးသဖြင့် မေမေပေါ့။
အိမ်ကိုဧည့်သည်လာမည်ဆို၍
အိပ်ခန်းသန့်ရှင်းရေးမှ စ၍ ထမင်းစားခန်းအထိ
သူမပါလျှင် မပြီးသကဲ့သို့ ဝင်၍ ကြီးကြပ်ကွပ်ကဲနေတာ တစ်အိမ်လုံး မေမေ့အသံကို နေရာတိုင်းမှာ ကြားနေရသည်။

"ဆူးသစ်လေးက နန်းကြီးသုပ် အရမ်းကြိုက်တာ..
မမလေး တူမကတော့ မမလေးရဲ့ နန်းကြီးသုပ်
လက်ရာကို လွမ်းနေခဲ့မှာ သေချာတယ်"

ကြီးကြီးလေးက မေမေ့စကားကြောင့် ပြုံးပြုံး ပြုံးပြုံးနှင့် ဘဝင်ကျသွားကာ ဟင်းဆက်ချက်နေသည်။
မေမေက သူမကို မြင်သည်နှင့်

"မှော်.. ညည်း ကြီးမေကို ဆေးတိုက်ပြီးပြီလား"

"ပြီးပြီ နှိပ်ပေးပြီးမှထွက်လာတာ ကြီးမေက ခဏပြန်မှေးဦးမယ်တဲ့ တစ်အိမ်လုံးလဲ မေမေ့အသံကြီးပဲ"

"ညည်းအဖေကိုဖုန်းဆက်စမ်း မနက်က မမှာလိုက်ရဘူး ညနေစောစောပြန်ခဲ့ လို့ပြောလိုက်"

"မေမေ့ဘာသာပြောပါ့လား"

"ငါမအားလို့ ညည်းကို ပြောခိုင်းနေတာပေါ့
ညည်းကိုမှာထားရဦးမယ်..ဧည့်သည်လာရင်
အိန္ဒြေရရနေနော်..လျှပ်ပြာမ လုပ်မနေနဲ့.."

"မေမေရယ် သိပ်အဖြစ်သည်းပြမနေပါနဲ့..
ကိုကိုက တခြားလူလဲမဟုတ်ဘူး..
မတွေ့ရတာကြာလို့ နည်းနည်းစိမ်းရင်သာ စိမ်း
သွားမယ်...ဧည့်သည်လိုဆက်ဆံနေစရာမလိုပါ
ဘူး...ဒီအိမ်က သူငယ်ငယ်ကတည်းက ဝင်ထွက်
နေတဲ့အိမ်...မီးတို့ကလဲ သူ့မိသားစုပဲကို.."

"အမလေး...မိချောင်းမင်း..ရေခင်းပြနေပြန်ပြီ..
သွား..ညည်းဖေကို..ဖုန်းသွားဆက်"

သူမ ထမင်းစားခန်းထဲက ခြေဆောင့်၍ ထွက်လာခဲ့သည်။
ဖေဖေ့ကိုဖုန်းဆက်ပြီးသည်နှင့် အပြင်မှာမနေတော့ပဲ
အခန်းအောင်းတော့သည်။
မဟုတ်လျှင် အလုပ်သမားတွေကော မေမေတို့ကော
ယောက်ယက်ခက်နေတာကြောင့် သူမလဲ အေးအေး
ဆေးဆေးနေရမည်မဟုတ်။

ကားဟွန်းသံကြောင့် အိပ်ပျော်သွားရာမှ နိုးလာသည်။
မှော် စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတာပင်။
နာရီကိုကြည့်လိုက်တော့ နေ့လည်တစ်နာရီခွဲဖြစ်နေပြီ။
ထမင်းစားချိန်ကျော်နေတာတောင် သူမကို ဘယ်သူမှလာမခေါ်ကြသေး၊ ဒါမှမဟုတ် သူမပဲ အိပ်ပျော်နေ၍ မကြားတာလားမသိချေ။
ကားဟွန်းသံကြားတာကြောင့်
ကုတင်ပေါ်ကဆင်း၍ ပြတင်းပေါက်နား အသာရပ်ကာ ခြံထဲကို လိုက်ကာအကွယ်ကနေ ခိုး၍ ငုံ့ကြည့်လိုက်သည်။
ခြံထဲ အနက်ရောင် ကားတစ်စီး ရပ်ထားတာ တွေ့ရပြီး ကားထဲမှ ဆံပင်တွေ ခပ်မြင့်မြင်စည်းထားကာအဖြူရောင် ရှပ်အင်္ကျီလက်ရှည်နှင့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးထွက်လာသည်ကို အပေါ်စီးမှတွေ့ရသည်။

ချာတိတ်(paid)Where stories live. Discover now