စိုးထိတ်ကြောက်ရွံ့မှုတွေနောက်မှာ အခါခါပြိုလဲခဲ့တဲ့ ကိုယ့်စိတ်တွေ။
ကျောခိုင်းမျက်ကွယ်ပြုခံခဲ့ရတဲ့ မေတ္တာတွေက အရှိန်လွန်မိုးလို ဘေးထွက်ဆိုးကျိုးများတယ်။
မင်းနဲ့ပတ်သက်ရင် မျက်ရည်တွေကိုလည်း ချစ်ရတာပဲ။
အပြုံးလေးတွေလည်း ကောက်သိမ်းရတာပဲ။မထိတထိငြိမိတဲ့ သံယောဇဉ်အနားစ ခပ်သေးသေးကို ဖန်တရာအလဲလဲထပ်နေတဲ့ ရေစက်တွေနဲ့ ခပ်တင်းတင်းချည်နှောင်ပစ်ချင်တယ်။
ဒါပေမဲ့ မင်းမျက်နှာကလေး ညှိုးမှာလည်း စိုးတယ် အချစ်ငယ်ငယ်ရဲ့။
နေပျော်တဲ့အရပ်မှာ ပျော်သလိုနေစေချင်ပေမဲ့ ကိုယ့်ရင်ခွင်ဖြစ်ဖို့ အကြိမ်ကြိမ်ဆုတောင်းရတာလည်း မောရတဲ့ ဝဋ်လှလှပါကွယ်။တိုးဝင်နစ်မျောနေတဲ့ ခပ်နွေးနွေးအကြည့်တို့မှာ မျှော်လင့်ချက်တွေပါတယ်လေ။
အကြည့်ချင်းဆုံသွားရင် မင်းပြုံးပြတာကို လိုချင်တာမျိုးပေါ့။
အတ္တတွေ ကလေးဆန်နေတဲ့အချိန်မှာ မင်းမျက်ဝန်းရိပ်လေးကို ဖြတ်ခနဲငေးမိလိုက်ရတာလည်း နိဗ္ဗာန်ပါကွာ။အိပ်မက်တွေထဲ ယောင်ယမ်းဆုပ်ကိုင်မိတဲ့ ကောက်ရိုးလေးတစ်မျှင်ဟာ မင်းလက်ကလေးဖြစ်နေဖို့တွေးတောရင်း သက်မောအရှိုက်ရှိုက်ချရတယ်။
ထုံပေပေဒီကောင်ကတော့ဖြင့် မင်းကြောင့်ဆိုပြီး ခေါင်းစဉ်များတပ်လိုက်ရင် အရာရာက ထိလွယ်၊ ရှလွယ်ပဲ နွေပန်းငယ်ငယ်ရဲ့။တစ်ဖက်မှာ သတိရခြင်းဆိုရင် နောက်တစ်ဖက်မှာ လက်မလွှတ်နိုင်ခြင်း။
တိတိတိတ်ကလေးလွန်ဆွဲနေတဲ့ အနာတရခံစားချက်အချို့က မင်းဆံနွယ်လေး လေထဲ ဝေ့တာကို လိုက်ကြည့်ရင်း ဖွာခနဲလည်း လွင့်စင်တတ်တာပဲ။
ဒါကြောင့်ပြောပါတယ်...။
ကိုယ်ဟာ ထိလွယ်၊ ရှလွယ်ပါကွယ်...မင်းနဲ့ပတ်သက်ရင်ပေါ့။- ချရား
March 27, 2024
2:59 A.M.
YOU ARE READING
နွေပန်းကလေး။
Non-Fictionမင်းရဲ့ မေတ္တာကလေးကို ငေးကြည့်ရတဲ့ အငေးရုံလေးလည်း ဖြစ်ခဲ့တာပါပဲ။ - နှောင်ကြိုး