- နွေပန်းကလေးထံ အဆုံးမရှိပြိုလဲမှုများ -
အချစ်ကလေးရေ... တိမ်တိုက်ရဲ့ဖြစ်တည်မှုနဲ့အတူ ကိုယ့်စိတ်တွေက မင်းဆီကိုပဲ လေယူရာယိမ်းယဲ့ချင်နေတယ်။
ဝိုးတိုးဝါးတားပုံရိပ်တွေကို အမြင်အာရုံထဲထင်ရှားဖို့ ကြိုးစားရင်း အငွေ့အသက်မှန်သမျှ ရူးရတာပဲ။ခပ်စိတ်စိတ်ဖြစ်လာတဲ့ရင်ခုန်သံတွေက မင်းနှုတ်ခမ်းကနေ ကိုယ့်နာမည်ကို ခေါ်လိုက်တာဖြစ်ဖြစ်၊ မင်းနာမည်ကို တစွန်းတစ ကိုယ်ကြားလိုက်တာဖြစ်ဖြစ်၊ သေးသေးမွှားမွှားလေးလို့ ထင်စရာဆိုပေမဲ့ ကိုယ်ယောက်ယက်ခတ်တဲ့အခြေအနေတွေပါပဲ။
နှစ်ယောက်ကြားကို ပိုင်းခြားထားတဲ့ အချိန်စက်ဝန်းတွေမှာ မင်းနဲ့ကိုယ်ရဲ့ ကျောခိုင်းရတဲ့ ကာလငယ်တွေက နွေလေတွေလိုပဲ။
နှလုံးသားကို အရှိန်ပြင်းပြင်း ပူလောင်မွန်းနစ်စေတယ်။
ဆွဲမထားရဲတဲ့လက်တစ်စုံအတွက် ရတက်မအေးဖြစ်နေတာက ကိုယ်တစ်ယောက်တည်းတင် လုံလောက်ပါတယ်။
မင်းလေးကိုတော့ ဒုက္ခမများစေချင်ပါကွယ်။တနင်္လါထောင့်မှာ ဆုတောင်းခဲ့တဲ့ တောင်းဆုတွေကို သီတန်းရမယ်ဆို နွေပန်းကလေးနဲ့...၊ နွေပန်းကလေး...၊ နွေပန်းကလေးကတော့...။
ကိုယ့်ကိုယ်ကိုယ်တောင် လန့်မိတဲ့ထိ မင်းအကြောင်းတွေ ထပ်နေခဲ့တာ။
မင်းအတွက်ရည်ရွယ်တဲ့ခေါင်းစဉ်တွေကြားထဲ ပန်းနုရောင်မေတ္တာကလေးနဲ့ အဖြူညစ်ညစ်လောဘကလေးကို ခပ်ပါးပါးလေး တော့ ရောနှောထားလိုက်တယ်။
နွေပန်းငယ်ငယ်နဲ့ ရေစက်များဖို့ သံယောဇဉ်ကြိုးခပ်တိုတိုကိုလည်း ဉာဏ်နီဉာဏ်နက်နဲ့ ဆုပ်ကိုင်ထားရဦးမှာပေါ့။ပစ္စုပ္ပန်ကိုပဲ သေချာကြည့်တတ်တဲ့ကိုယ်က မင်းနဲ့ဆိုရင် ဟိုးဝေးတဲ့အချိန်ကာလတွေထိ အိပ်မက်မက်ဖူးတယ်၊ အကြောင်းအရင်း ခိုင်ခိုင်လုံလုံမရှိပါဘဲနဲ့လည်း စိတ်လိုလက်ရပြုံးချင်ပြုံးလိုက်တာပဲ။
အရဲမစွန့်ရဲတဲ့ခုအခြေအနေမှာတော့ ပါးချိုင့်လေးက ငေးစရာ၊ ကျောပြင်လေးကတော့ ဆွေးစရာပေါ့။
ဝန်မခံရဲတဲ့မေတ္တာတွေနဲ့ ကူးလူးဆက်နွယ်နေတဲ့ ခံစားချက်တွေက စူးနင့်နေတဲ့ဒဏ်ရာတွေနဲ့ အရူးရင့်နေတဲ့ ချစ်ခြင်းတရားတွေတဲ့။
အို....ဘာပဲဖြစ်ဖြစ် မင်းပါးချိုင့်လေးကိုတော့ နစ်ဝင်တဲ့ထိ နမ်းဖူးချင်သေးတာပဲ။
အတ္တခပ်ပါးပါးက တစ်ခါတလေ အဲ့ဒီလို ထိန်းမရ၊ တားမရ...ကိုယ်တစ်ယောက်ရဲ့ ဒုက္ခလှလှတွေပေါ့ ကိုယ့်ပန်းကလေးရယ်။- ချရား။
March 30, 2024
2:44 A.M.

YOU ARE READING
နွေပန်းကလေး။
Документальная прозаမင်းရဲ့ မေတ္တာကလေးကို ငေးကြည့်ရတဲ့ အငေးရုံလေးလည်း ဖြစ်ခဲ့တာပါပဲ။ - နှောင်ကြိုး