အခန်း (၁၄)
"ချလွမ်း ခွမ်း"
"အို မောင်..."
"မမတစ်ခေတ်"
"အိုသမီး ဘာဖြစ် ..."မောင်ထွက်သွားပြီး တစ်ခေတ် တော်တော်ကြာမှ
မာမီသတိပေးလို့ အိမ်ထဲသို့ ဝင်လာခဲ့ချေ၏။
ခက်ခက်ကို မခိုင်းတော့ပဲ ထမင်းစားခန်းထဲဝင်ကာ
ရေသောက်ရန် ရည်ရွယ်ချက်ဖြင့် တစ်ခေတ်ဖန်ခွက်ထဲသို့ ရေထည့်စဉ် လက်ထဲမှ လွှတ်ချ ကွဲသွားရလေသည်။
ခက်ခက်ခေါ်သံ၊မာမီ့ခေါ်သံကို မကြားရ။တစ်ခေတ် ဖန်ကွဲစများအား ကြည့်ပြီး ကြောင်၍ ရပ်နေမိသည် ။"သမီး တစ်ခေတ်"
"ဟင် မာမီ"တစ်ခေတ်အနားလာ၍ လက်ဖြင့်ကိုင်လှုပ်မှ တစ်ခေတ် သတိဝင်လာလေသည်။
"လာသမီး ဖန်ကွဲစတွေ စူးမယ်၊ခက်ခက် အရှေ့က ကောင်မလေးတစ်ယောက်ခေါ်ပြီး သိမ်းခိုင်းလိုက်ပါအုံး၊သမီးအတွက် ရေပါခတ်ခဲ့"တစ်ခေတ် မာမီဆွဲခေါ်ရာသို့ လိုက်ပါသွားရသော်လည်း မောင့်ကိုတွေးမိပြီး ရင်တွေ အဆမတန် ခုန်လှုပ်ယုံသာမက ခြေတွေ လက်တွေပါ တုန်ကုန်၏။
"ရော့သမီး ရေသောက်လိုက်အုံး"
တစ်ခေတ်ရေသောက်ပြီးတာနဲ့ တစ်ခေတ်လက်ကို ကိုင်ကာ ကျောလေးပုတ်ပေးနေတဲ့ မာမီ။
"အရမ်းလန့်သွားလား သမီး၊ဆရာဝန်ခေါ်လိုက်မယ်နော်"တစ်ခေတ် စကားပြန်မပြောနိုင်ပေ။ ခေါင်းသာ ညိမ့်ပြရလေ၏။တစ်ခေတ်ခွင့်ယူထားတဲ့ လတွေတိုင်း မောင်သည် မိသားစုဆရာဝန်၏ မိတ်ဆက်ပေးထားမှုဖြင့် မီးယပ်နှင့်သားဖွားဆရာဝန်တစ်ယောက်အား တစ်ခေတ်အတွက် မူပိုင်ငှားပေးထား၏။ အပြင်သို့ သွားပြစရာမလိုပေ။
မိနစ် ၂၀ ကြာလောက်မှ ဆရာဝန်လာရောက် စမ်းသပ်ပေးပြီး တစ်ခေတ်ကို လိုအပ်သော ဆေးဝါးများ သောက်စေ၏။ သမီးလေးသည်လည်း အန္တရာယ်ကင်းတယ်ဟု ဆို၏။
တစ်ခေတ်ကို စမ်းသပ်ပေးနေစဉ်
"ဟဲလို ဒေါ်စောကြည်ပြာပြောနေတာပါ"
"...."
"ဘုရားရေ သားဆက် ဘာဖြစ်တယ်"
"...."
"အမလေး အခု အခု ဘယ်ဆေးရုံမှာလဲ"
"..."
"အဟင့် ဟင့် မာမီ...မောင်...."မာမီ၏ ဖုန်းပြောသံကို နားထောင်ပြီး တစ်ခေတ် ဗိုက်ကလေးအား ထိန်းကာ ထထိုင်မိ၏။