အပိုင်း ၃-၂
မာရီအန်းပြောသည့်ကိစ္စမှာ သိပ်အရေးမကြီးသည့်ကိစ္စမှန်း သိလိုက်ရသည့်အခါ ခါဆယ်ရ်၏ မျက်နှာထားက ပြေလျော့သွားခဲ့သည်။ ချပ်ဝတ်တန်ဆာများ အားလုံးချွတ်လိုက်ပြီးသည့်နောက်တွင် အများကြီး နေသာထိုင်သာရှိသွားပြီး ပို၍ပေါ့ပါးသွားသည်ကို ခံစားလိုက်ရ၏။
"နှစ်ရက်လောက် အစာငတ်ခံရုံလေးနဲ့ မသေပါဘူး။"
"အရှင်မင်းကြီး။"
မာရီအန်းက မျက်မှောင်ကြုတ်လိုက်သည်။
"မိဖုရားက သူ မွေးဖွားကြီးပြင်းလာတဲ့ ဇာတိကနေထွက်လာပြီး ဒီလိုဝေးလံတဲ့နေရာအထိ တစ်ယောက်တည်း လာခဲ့ရတာပါ။ သူ့မှာ ယုံကြည်အားကိုးနိုင်တဲ့သူဆိုလို့ ခင်ပွန်းဖြစ်တဲ့ အရှင်မင်းကြီးပဲရှိတာပါ။"
"..."
"အရှင်မင်းကြီး။ အရှင်မင်းကြီးက မိဖုရားကို တန်ဖိုးထားပြီးမဆက်ဆံရင် အောက်ကလူတွေက အတင့်ရဲပြီး ရောင့်တက်ကြပါလိမ့်မယ်။ အရှင်မိဖုရားရဲ့ ဂုဏ်သိက္ခာက အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာပါပဲ။"
"..."
"အရှင်မင်းကြီး။"
"ဟား...ဒီတော့ ကျုပ်ကို ဘာလုပ်စေချင်နေတာလဲ။"
"အရှင်မိဖုရား အဆင်ပြေရဲ့လားဆိုတာကို စစ်ဆေးကြည့်ရှုပေးပါ။"
"ခဏနေ ညီလာခံရှိသေးလို့ ပြီးမှပဲ သွားလိုက်မယ်။"
"ဘယ်တော့ပြီးလို့ပြီးမယ်မှန်း မသိရတဲ့ ညီလာခံမဟုတ်ပါလား။ ခဏလောက် ဝင်တွေ့လိုက်တာက အဲ့ဒီလောက်ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ အရှင်မင်းကြီးကိုက တအားနေနိုင်လွန်းပါတယ်။ ရာရာစစ ဝင်ပါသင့်တဲ့နေရာတော့ မဟုတ်ပေမဲ့ ဘယ်အချိန်အထိ..."
"ဟုတ်ပါပြီ၊ သိပြီလို့။"
ခါဆယ်ရ်က မာရီအန်း၏ ရှည်ရှည်ဝေးဝေး ပူညံပူညံလုပ်သည့် စကားများကို ဖြတ်ပြောလိုက်သည်။ 'မိဖုရားက တစ်နှစ်သား၊ နှစ်နှစ်သား ကလေးလေးလည်းမဟုတ်ဘဲနဲ့ ပွဲတော်တည်တာအထိ လိုက်သတိထားနေရမှာလား' ဟူ၍ ပါးစပ်ကနေ တိုးတိုးကျိတ်ကျိတ်ပြောရင်း ကိုယ်ကို တစ်ဖက်လှည့်လိုက်၏။
YOU ARE READING
နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)
Romance🚨🚨🚨 သတိပေးချက် - ဒီဝတ္ထုက R-19 အမျိုးအစားဖြစ်တာကြောင့် အရွယ်မရောက်သေးသူတွေ ဖတ်ရှုဖို့မသင့်တော်တဲ့ အကြောင်းအရာတွေ ပါဝင်မှာဖြစ်ပါတယ်။ Original Name - 마지막 여행이 끝나면 (When The Last Journey Ends/ Living As The Villainess Queen) Author - Covering The Sky...