ကျောင်းနားက ပန်းခြံဆီရောက်တော့ မင်ဂယူစက်ဘီးကို ထိုးရပ်လိုက်သည်။ ပြီးတော့ စက်ဘီးရှေ့လက်ကိုင်လေးမှာ ချိတ်ထားတဲ့ Vanilla Latte ယူပြီး ပန်းခြံထဲသို့ ဝင်လာလိုက်သည်။ ကျောင်းကိုမလာခင် စီနီယာယွန်း ဖုန်းဆက်မှာလာသည်က Vanilla Latte တစ်ခွက်။ ဘတ်စကတ်ဘောပွဲ လောင်းကြေးလားလို့ မေးတော့မဟုတ်ဘူးဟုဖြေသည်။ တစ်ကျောင်းလုံးကိုလွှတ်ပေးမယ်ဆိုတဲ့ အလောင်းအစားနှင့် ထပ်တူလောင်းခဲ့ရတာမို့ သူတောင်းဆိုတာ ဒီလောက်သေးသေးမွှားမွှား မဖြစ်နိုင်မှန်းခန့်မှန်းပြီးသားပင်။
ချိန်းထားတဲ့နေရာကိုရောက်တော့ ချယ်ရီပင်အောက်မှာ ခြေဆန့်လျက်ထိုင်နေတဲ့ သူ့ပုံစံက သက်တောင့်သက်သာ။ မျက်စိကိုမှိတ်ကာ သီချင်းနားထောင်ရင်း မနက်ခင်းကို အေးအေးလူလူ ဖြတ်သန်းလို့နေသည်။ ဒီလိုဆိုတော့လည်း သူ့ပုံကကျောင်းတွင်းလူမိုက်ခေါင်းဆောင်ရုပ်နှင့် အနည်းအကျဉ်းမျှပင် မတူပါ။
မနက်ခင်းလေပြည်တွေက သူ့အနားမှာ ဝေ့ဝဲတိုက်ခတ်နေသည်မို့ နဖူးတဝိုက်က ဆံစလေးက လေထဲမှာတစ်ချက်တစ်ချက်ယိမ်းခါလို့နေသည်။ ဖွေးဖွေးနုနုသူ့မျက်နှာလေးက နေလာရာကို ဦးမော့နေတဲ့ နှင်းဆီဖြူလေးတစ်ပွင့်နှယ်။ ပုံမှန်ဆို အနားမှာ တစ်ယောက်မဟုတ် တစ်ယောက်ရှိနေတတ်တဲ့သူက ဒီနေ့မှာတော့ သူ့နားမှာ စီနီယာဟုန်းကိုရော စီနီယာချွဲကိုရော မတွေ့ရ။
"ရော့..ခင်ဗျားမှာလိုက်တာ။"
Vanilla Latte ကိုကမ်းပေးလိုက်တော့မှ မျက်လုံးလေးဖွင့်ကြည့်လာသည်။ မင်ဂယူ့ကို မြင်သည်နှင့် နားကြပ်ကိုကောက်ဖြုတ်လိုက်ကာ မျက်နှာမှာ အပြုံးတစ်ပွင့်နှင့်အတူ လက်ထဲက Latte ခွက်ကို လှမ်းယူလိုက်လေသည်။
"မဆိုးဘူး။ သောက်လို့ကောင်းသားပဲ။"
မင်ဂယူနှာခေါင်းရှုံ့လိုက်မိသည်။ ကျေးဇူးတင်ပါတယ်ဆိုတာက မလာဘူး။ ယူလာပေးတဲ့ အအေးကို အရသာကောင်းမကောင်း အကဲဖြတ်တာက အရင်။
"ခင်ဗျားပြောစရာရှိတာ မြန်မြန်ပြော။ ကျောင်းကတက်တော့မှာ။"
"ဘာကိုလဲ။"
"မနေ့ကဘတ်စကတ်ဘောပွဲလောင်းကြေးလေ။"
YOU ARE READING
100_Days of being in love
Fanfiction"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကိုလျှောက်ပတ်သွားချင်သေးတယ်။ ခင်ဗျားပုခုံးကိုမှီပြီး ကြယ်တွေကိုငေးရင်း ရေတွက်ကြည့်ချင်သေးတယ်။ ဒါပေမဲ့ဝမ်းနည်းစရာပဲ။ အတူရှိခဲ့တဲ့ ရက်ပေါင်း၁၀၀ဟာ...