ကျောင်းဆင်း ခေါင်းလောင်းတီးပြီဆိုသည်နှင့် အထက်တန်းတတိယနှစ် တန်းခွဲ(စီ) မှ ကျောင်းသားကျောင်းသူ အသီးသီးသည် အိတ်တွေဆွဲပြီး အခန်းထဲက ထထွက်သွားကြသည်။ သို့သော် လူတွေအကုန်အခန်းထဲက ထွက်ပြီးတဲ့တိုင် ထိုအထဲကမှတစ်ယောက်သောသူကား ထိုင်ခုံမှာ ငြိမ်ထိုင်လျက် ရှိလေသည်။
"ဟေ့ကောင်..ဂျီဆူး..ပြန်မယ်လေ။"
ဆွန်းချောအသံကြောင့် ဖလန်းဖလန်းနှင့်ပြန်ဖို့ပြင်နေတဲ့ ယွန်းဂျောင်ဟန်ရဲ့ခြေလှမ်းတွေလည်း တန့်သွားသည်။ လှမ်းကြည့်လိုက်တော့ နောက်ကနေ မြင်နေရသော ပန်းရောင်ခေါင်းကလေးဟာ တစ်စက်ကလေးမှလှုပ်မလာခဲ့။ ထိုအခါမှ ယွန်းဂျောင်ဟန်ရော ချွဲဆွန်းချောရောသည် စိုးရိမ်စိတ်ဖြင့် ဟုန်းဂျီဆူးနားသို့ ရောက်သွားလေသည်။
"ဂျီဆူး...ဟေ့ကောင်..မင်းဘာဖြစ်နေတာလဲ။"
ဆွန်းချောက ပုခုံးကိုခပ်ကြမ်းကြမ်းလှုပ်ယမ်းလိုက်တဲ့အရှိန်ကြောင့် ဂျီဆူးပုခုံးတွေခါယမ်းသွားခဲ့ပေမဲ့ မျက်လုံးသေတွေကတော့ ရွေ့လျားမလာပါ။ ရှေ့သို့တည့်တည့်စိုက်ကြည့်နေတဲ့ ထိုမျက်လုံးများက ကျောက်သင်ပုန်းကိုကြည့်နေတာလည်းမဟုတ်။ ကြမ်းပြင်ကို ကြည့်နေတာလည်းမဟုတ်။ စားပွဲကို ကြည့်နေတာလည်းမဟုတ်။ သူ့အတွေးတွေ ဘယ်ဆီကို ရောက်နေလဲဆိုတာ သူကိုယ်တိုင်သာ သိမည်ဖြစ်သည်။
"ဂျီဆူး..ဘာဖြစ်နေတာလဲ။ နေမကောင်းလို့လား။"
ပုခုံးကိုအသာလေးတို့ပြီး ဂျောင်ဟန်ပြောလိုက်တဲ့အခါ ဂျီဆူးမျက်တောင်တွေ ဖျပ်ခနဲ လှုပ်ခတ်သွားသည် ဟုထင်ရသည်။ ထို့နောက် ကြည့်နေရင်းမှာပင် နှုတ်ခမ်းသေးသေးလေးက တဆတ်ဆတ်တုန်ယင်လာခဲ့ပြီး
"အီး...ဟီး.."
ရုတ်တရက်ရှိုက်ကြီးတငင်ငိုချလိုက်တဲ့ ဟုန်းဂျီဆူးကြောင့် ဆွန်းရော ဂျောင်ဟန်ရော စက္ကန့်ပိုင်းမျှ ကြောင်သွားသည်။ အလျင် သတိဝင်လာသူက ဆွန်းချော။
"ဘာလို့ငိုတာလဲ။ ဟမ်။ ဘယ်ကောင်လုပ်တာလဲ။ မင်းကို ဘယ်ကောင်အနိုင်ကျင့်လိုက်တာလဲ။"
YOU ARE READING
100_Days of being in love
Fanfiction"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကိုလျှောက်ပတ်သွားချင်သေးတယ်။ ခင်ဗျားပုခုံးကိုမှီပြီး ကြယ်တွေကိုငေးရင်း ရေတွက်ကြည့်ချင်သေးတယ်။ ဒါပေမဲ့ဝမ်းနည်းစရာပဲ။ အတူရှိခဲ့တဲ့ ရက်ပေါင်း၁၀၀ဟာ...