-50-

766 45 1
                                    

[Unicode]

ရှောက်ချွင်၏ မျက်နှာသည် စပ်ဖျဉ်းဖျဉ်းဖြစ်သွား၏။ သူ့အဖိုးကြီးက အသက်ဒီလောက်ကြီးနေပေမဲ့ လက်သံကတော့ တစ်စက်မှ အိုမလာပါလေ။

နာတာက အကြောင်းမဟုတ်။ ‌လီရှော့ရှေ့တွင် အရှက်ကွဲရခြင်းကသာ ရှောက်ချွင်အား ဒေါသထွက်စေသည်။

သူနာသွားသောနေရာကို လျှာဖြင့်ထိုးလိုက်ပြီးနောက် မကျေမနပ်ဖြင့် ခေါ်လိုက်ရသည်။

"အဖေ"

ဗိုလ်မှူးဟောင်းကြီးရှောက်က လက်ညှိုးငေါက်ငေါက်ထိုး၍ ဆဲဆိုတော့သည်။

"ငါ့ကိုမွေးထားတဲ့ အဖေမှန်းတော့ သိသေးတယ်ပေ့ါ။ ဘယ်လိုလုပ် ဒီလောက် ဆိုးသွမ်းတဲ့ကောင်ကို မွေးထားမိမှန်းမသိဘူး!"

ရှောက်ချွင်သည် ခေါင်းငုံ့လိုက်ပြီး တံခါးဝမှဖယ်ပေးသော ကိုယ်ဟန်ဖြင့်

"အထဲဝင်ပြီးပြောပါ"

ဗိုလ်မှူးကြီးရှောက်က သက်ပြင်းတစ်ချက်ရှိုက်ကာ လီရှော့ဘက် ခေါင်းအနည်းငယ်လှည့်၍

"လူငယ်လေး ငါတို့အိမ်ကိစ္စဖြေရှင်းစရာလေးတွေရှိလို့ မင်းခဏရှောင်ပေးလို့ရမလား?"

‌လီရှော့၏ မျက်နှာမှာ မာထန်နေပြီး အိမ်၏ထောင့်တိုင်းကို အခေါက်ခေါက်အခါခါ ကြည့်ရှုပြီးသော်လည်း လီချိန်ရှို့ကို မတွေ့၍ ပြောလိုက်သည်။

"လူကြီးမင်းရှောက် ကျွန်တော်ခင်ဗျားတို့အိမ်ကိစ္စကို ဝင်ပါဖို့စိတ်ကူးမရှိဘူး။ ဒါပေမဲ့ ကျွန်တော် ဒီလိုလာရတဲ့ ရည်ရွယ်ချက်က ကျွန်တော့်ချစ်သူကို ခေါ်သွားဖို့ပဲ။ ကျွန်တော် အခုချက်ချင်း ပြန်ခေါ်သွားမယ်။ ကျေးဇူးပြုပြီး သခင်လေးကို စေခိုင်းပေးပါ"

ရှောက်ချွင်၏ မျက်နှာသည် ချက်ချင်းပျက်ယွင်းသွား၏။ ဓားသွားသဖွယ် အကြည့်တို့ဖြင့် လီရှော့၏ကိုယ်ကို လှီးဖြတ်လျက်

"မင်းရဲ့ချစ်သူ? သူများလူကို လုတဲ့ အနောက်တိုင်းကပြားကောင်ကများ! အခုချက်ချင်း ငါ့အိမ်ကထွက်သွား!"

ဗိုလ်မှူးရှောက်သည် မိမိ၏ တစ်ဦးတည်းသောသားက အပြင်လူသောဘာသော ဂရုမစိုက်ပဲ သဝန်တိုလုယက်နေသည်ကို မြင်သော် သူ၏အရှက်သိက္ခာတို့လည်း ဗြန်းဗြန်းကွဲရ၍ ဒေါသတကြီး အော်သည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now