[Unicode]
လီချိန်ရှို့သည် တစ်ညလုံးအိပ်ရေးပျက်ခဲ့ပြီး နောက်တစ်နေ့တွင်လည်း စိတ်နောက်ကျိနေကာ မျက်လုံးရှေ့မှ ကိန်းဂဏန်းများပင် ရောထွေးနေပြီး ဘယ်လိုမှ ဆက်မကြည့်နိုင်ချေ။
နေ့လည်နားချိန်ရောက်တော့မှ သူအားတင်း၍ ဖုန်းဖွင့်လိုက်သည်။
ဖွင့်ဖွင့်ချင်း အမည်မသိဖုန်းခေါ်ဆိုမှုများ ထွက်ကျလာပြီး စာတိုများစွာ ထွက်လာသည်။
ထို နံပါတ်စိမ်းမှပို့ထားသော စာတိုများကိုကြည့်ရင်း လီချိန်ရှို့ခဏတာ တွေဝေနေပြီး နောက်ဆုံးတော့ဖွင့်လိုက်သည်။
"ကိုယ်မင်းကိုလွမ်းတယ်"
"ချိန်ရှို့ ကိုယ်မင်းကိုလွမ်းတယ်"
"ကိုယ်မင်းကိုလွမ်းတယ်"
"စက္ကန့်တိုင်း မိနစ်တိုင်း ကိုယ်မင်းကိုလွမ်းနေ တယ်"
လီချိန်ရှို့ဆက်မကြည့်နိုင်တော့၍ အလျင်အမြန်ပိတ်လိုက်သည်။
သူ့မျက်ဝန်းများ ပူနွေးလာပြီး ခြေထောက်များပျော့လာကာ လှေကားတွင်ထိုင်ချလိုက်သည်။
သူ့လိုလူမျိုးက တကယ်ပဲ အမှတ်မရှိဘူးလား။ ဒီလောက်အကြိမ်ကြိမ်အခါခါ လိမ်ညာလှည့်စားခံခဲ့ရတာတောင် တိတ်တိတ်လေး မနေနိုင်စွာ ရှောက်ချွင်ရဲ့ ဒီလိုထူးဆန်းတဲ့အပြုအမူတွေမှာ စိတ်ယိုင်နဲ့နေမိတာ။
လီချိန်ရှို့ ခေါင်းမော့ကာ မိမိပါးကိုမိမိပြင်းပြင်းရိုက်လိုက်သည်။ ရှင်းလင်းသော ရိုက်သံက လှေကားထဲ ပဲ့တင်ထပ်သွား၏။
ရှောက်ချွင်က သူ့ကို လိမ်ညာတာတော့ ထားပါတော့။ သူ သူ့ကိုယ်သူ ဆက်မလိမ်သင့်ဘူးလေ။
ဒီလူကသူ့ကို အမြဲ နာကျင်စေသည်။ စော်ကားသည်။ လှည့်ဖျားသည်။ သူ့ကို ပွေ့ဖက်စရာလူလို အိပ်ယာဖက်လို သဘောထားသည်။ ဘယ်တုန်းကမှ သူ့အပေါ်လေးစားမှုမရှိခဲ့ဖူးပေ။
ရှောက်ချွင် ဘာပြောပြော ဘာလုပ်လုပ် အကုန်လုံးက အတုအယောင်တွေ။ သူယုံကြည်လိုက်လို့မဖြစ်။
သူမယုံပါ။ သူလုံးဝမယုံ။
ရှောက်ချွင်သည် ဒီကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး ရောဂါတစ်မျိုးပင်ဖြစ်သည်။ ဝေးဝေးရှောင်နေမှ ဒဏ်ရာဟောင်းကို ပျောက်ကင်းစေနိုင်မှာဖြစ်သည်။ ထပ်တလဲလဲ မခံစားချင်တော့။