[Unicode]
လီချိန်ရှို့သည် တစ်နေ့လုံး စိတ်နှင့်ကိုယ်မကပ်ပေ။ ညရောက်တော့ မီးပင်မဖွင့်ဘဲ ထိုင်တွေးနေမိ၏ ။
သူအထပ်ထပ်အခါခါစဉ်းစားသော်လည်း တကယ်ပဲ ထပ်မရှောင်ပုန်းချင်တော့ပေ။
သူဘယ်နေရာမှာပဲ ပုန်းနေနေ ရှောက်ချွင် က သူ့အား ရှာတွေ့နိုင်လိမ့်မည်။ ဒီလိုဆိုမှတော့ သူ့ကိုယ်သူရော ရှောင်ချာပေးကိုရော ထပ်ပြီး မနှိပ်စက်ချင်တော့။
သူ ရှောင်ချာပေးအားဆေးခန်းမှ ကြိုစဉ်တုန်းက ဆရာဝန်ပြောခဲ့သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိသေးသည်။ နောက်ဆို ဒီလောက်ဝေးဝေး ထပ်ပြောင်းရွှေ့လို့မဖြစ်တော့။ ဒီလိုခွေးလေးမပြောနှင့် လူပင် ခံစားရမသက်သာ။ အသေးလေး နေမကောင်းတာက အသက်ကိုပါထိခိုက်စေနိုင်မည့် ကိစ္စဖြစ်၍ သူထပ်ပြီး မစွန့်စားရဲတော့ပေ။
ရှောင်ချာပေး နေကောင်းလာတာမှ မကြားသေး၍ လီချိန်ရှို့တကယ်ကြောက်သည်။
သူ သူ့အရည်အချင်းနှင့်ကိုက်ညီသော အလုပ်တစ်ခုရှာတွေ့ရုံရှိသေးသည်။ သင့်တော်သော နေစရာအိမ်လည်းရှိနေပြီး အရာအားလုံးက အဆင်ပြေသလိုဖြစ်နေပြီ။ အိမ်ပြောင်းခြင်းနှင့် ပတ်သက်၍ သူကိုယ်တိုင်လည်း စိတ်ပင်ပန်းရကာ ထပ်ပြီး သတ္တိမရှိတော့။ သူတစ်သက်လုံး ရှောင်ပုန်းနေလို့မှ မရဘဲ။
ပြီးတော့ သူက သူများကိုထိခိုက်စေခဲ့တာမှမဟုတ်ဘဲ ပြောင်းပြန်အနေနဲ့ ဘာကြောင့်ရှောင်ပုန်းနေရမှာလဲ။
လီချိန်ရှို့ အကြံထုတ်ပြီးနောက် အတော်လေး စိတ်ပေါ့ပါးသွားသည်။
ရှောက်ချွင်က သူ့အပေါ်အကြာကြီးတွယ်ကပ်နေမည်ဟု သူမယုံကြည်ပါ။ ရှောက်ချွင်ပိုင်ဆိုင်သော အကောင်းဆုံးအရာများက ပေါများလွန်းသည်။ သူ့အတွက်နဲ့ အချိန်ဘယ်လောက် ဖြုန်းနိုင်မှာလဲတဲ့။ သူက ခဏတာ စိတ်ဝင်စားသာဖြစ်ပြီး အချိန်ကြာသွားတဲ့အခါ ငြီးငွေ့မုန်းတီးသွားမှာပဲ။ သူ့အနေနှင့် ပြောင်းလဲသွားတာကို တိတ်တဆိတ်ကြည့်နေရုံသာ။
ထိုနေ့မှ စ၍ ရှောက်ချွင်သည် သူ့ဆီ တောင်စဉ်ရေရာမရသည့် မက်ဆေ့ခ်ျများ တစ်နေ့ကို အစောင်နှစ်ဆယ် သုံးဆယ်လောက် ပို့သည်။ ဘာအကြောင်းမဆို ပါသည်။ လီချိန်ရှို့သည် တစ်စောင်မှမကြည့်ရဲ။ တစ်စောင်လောက်ဖတ်လိုက်သည်နှင့် တစ်နေ့လုံး စိတ်နှင့်လူမကပ်ပဲဖြစ်နေတတ်သည်။ ရောက်လာသည်နှင့် ချက်ချင်းဖျက်လိုက်သည်။