[Unicode]
လီချိန်ရှို့သည် ရိုက်ခံရ၍ လန့်သွားခြင်းသာ။တကယ်တော့ လျှာပေါက်သွားတာက ဘာမှသိပ်ဒဏ်ရာမရ။ သူ့ဘာသာ မူးဝေသွားပြီး သုံးလေးမိနစ်နေတော့ ပြန်သတိရလာသည်။
သူနိုးလာချိန်၌ ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင်လဲနေကြောင်း သိလိုက်ရသည်။ ရှောင်ကျိက ကုမ္ပဏီကလူများနှင့် သူ့အား ဆေးရုံပို့မပို့ ငြင်းခုန်နေ၏။
လီချိန်ရှို့သည် လျှာနာနေ၏။ မေးစေ့လည်း နာသည်။ ပါးစပ်တစ်ခုလုံး နာကျင်နေကာ အားတင်း၍ ဟင်းခနဲ အသံမြည်အောင် အားထုတ်ရသည်။
အားလုံးက သူနိုးလာသည်ကိုမြင်သော် အလျင်အမြန် ဝိုင်းအုံလာကြသည်။
ရှောင်ကျိသည် စိတ်ပူ၍ အပြစ်ခံစားနေရသော အမူအရာအပြည့်ဖြစ်နေသည့်အပြင် အနိုင်ကျင့်ခံနေရသလို ဖြင့်
"ခင်ဗျား ခင်ဗျား နိုးပြီလား? ဘယ်လိုနေသေးလဲ?"
လီချိန်ရှို့ လက်ခါပြရင်း ခေါင်းပါယမ်းပြသည်။
"ခံရခက်သေးလား? ဆေးရုံသွားရဦးမလား?"
လီချိန်ရှို့က ခေါင်းခါသည်။ ရပ်တောင်ရပ်နေနိုင်သေးတာ ဘာလို့ ဆေးရုံသွားရဦးမှာလဲ။
သူရေတစ်ငုံလောက်သောက်လိုက်သည်။ ရေက လျှာအနာကို ထိသွားချိန် စပ်လွန်း၍ တစစ်စစ် အော်မိသည်။
လုပ်ဖော်ကိုင်ဖက်များက သူလည်း ဘာမှမဖြစ်တော့၍ ကိုယ့်အလုပ်ကို ပြန်သွားလုပ်ကြသည်။ မသွားခင် သူ့အား ကပ်ပြောခဲ့၏။
"မင်းခဏနားပြီးရင်သူဌေးဆီသွားလိုက်ဦး"
လီချိန်ရှို့ ခေါင်းညိတ်သည်။ သူတို့အားလုံးသွားပြီးမှ လီချိန်ရှို့က မျက်နှာမကောင်းသော ရှောင်ကျိထံ အက်ရှသောလေသံဖြင့်
"ဘယ်လိုဖြစ်တာလဲ? ဘာကြောင့် ရန်ဖြစ်တာလဲ?"
ရှောင်ကျိက မကျေနပ်သေးစွာ
"ကျွန်တော့်အမှားမှ မဟုတ်တာ"
လီချိန်ရှို့က သက်ပြင်းတစ်ချက်ချသည်။ သူပါးစပ်ဟတာနှင့် ဒီလိုစကားမျိုးထွက်လာမည်ဟု ထင်ပြီးသားပင်။ ဒီကလေးက ဒီလိုအလိုလိုက်ခံထားရသည်ထင်၏။